ရပ်စောက်မှာရှိနေတဲ့ ဒုက္ခသည်တွေ အကူအညီလိုနေ
2017.01.20

ရှမ်းပြည်နယ် မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်ဘက်ကနေ ရပ်စောက်မြို့မှာရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော်အတွက် စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ ရပ်စောက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခိုင်ညီညီကျော် က ပြောပါတယ်။
အဲဒီ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်နယ် အစိုးရဘက်က ထောက်ပံ့မှုတွေလုပ်ပေးနေပြီး လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကို NLD ဘက်ကလည်း သွားရောက်ကူညီပေးဖို့ လုပ်နေတယ်လို့ ဦးခိုင်ညီညီကျော် က ပြောပါတယ်။
"ကျနော်တို့ ရှမ်းပြည်နယ်အစိုးရဘက်ကနေပြီးတော့မှ နယ်လုံဝန်ကြီးနဲ့ စီးပွားစီမံဝန်ကြီးပေါ့လေ။ သူတို့က သွားပြီးတော့မှ ထောက်ပံ့မှုလေးတွေနဲ့ ကြည့်ရှုစောင့်ရှောက်ထားတာရှိတယ်။ နောက် ကျနော်တို့ မြို့နယ် NLD ရုံးအနေနဲ့ကလည်း ကျနော်တို့ သွားပြီးတော့မှ သူတို့ကို လိုအပ်တာလေးတွေ ကူညီထောက်ပံ့ပေးဖို့ အစီစဉ်ဆွဲနေတာတွေ ရှိပါတယ်ခင်ဗျ၊ စားဝတ်နေရေးပါပဲ။ အဓိကကတော့လေ ။ တောင်သူလယ်သမား မိသားစုတွေဖြစ်တဲ့အတွက် တခြားစီးပွားရေးလည်း သူတို့မလုပ်တတ်ဘူး။ အဲ့ဒီတော့ လောလောဆယ် ဒီမှာလာပြီးတော့ ခိုလှုံတဲ့အချိန်မှာ သူတို့ရဲ့ စားဝတ်နေရေး ဆန်၊ ဆီ၊ ဆား ဒါပါပဲ။"
အဲဒီ ဒုက္ခသည်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်တာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တပ်သားစုဆောင်းတာတွေကြောင့် ထွက်ပြေးလာတာလို့ ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ရပ်စောက်မြို့ မားဘဲကျေးရွာအုပ်စု ရေဖြူကျေးရွာက နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ တအာင်းတပ်မတော် TNLA၊ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။