ရာဂီကြောင့် လူတစ်သန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ UNOCHA ထုတ်ပြန်

RFA Burmese
2024.09.27
ရာဂီကြောင့် လူတစ်သန်းလောက် ရေဘေးသင့်ခဲ့တယ်လို့ UNOCHA ထုတ်ပြန် ကလောမြို့အဝင်တွင် မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်။
RFA

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံက မြို့ပေါင်း ခုနစ်ဆယ်ကျော်လောက်က လူပေါင်း တစ်သန်းလောက် ရေဘေး သင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်အပါအဝင် နိုင်ငံရဲ့ထက်ဝက်ကျော်လောက်ဟာ ရေဘေးဒဏ်ခံခဲ့ရပြီး မိုးဆက်မပြတ်ရွာသွန်းမှုတွေနဲ့ မြစ်ချောင်းတွေရဲ့ အနေအထားတွေကြောင့် တချို့ဒေသတွေမှာ ထပ်တလဲလဲ‌ မြစ်ရေကြီးမှု ဖြစ်နိုင်တဲ့ အန္တရာယ်တွေကနေ ဆက်လက် ခြိမ်းခြောက်ခံနေရတယ်လို့ ရေးသားထားပါတယ်။

ရေဘေးကြောင့် လူပေါင်း ၃၆ဝ ကျော်သေဆုံးခဲ့ရပြီး အနည်းဆုံး လူတစ်ရာကျော် ပျောက်ဆုံးနေကြောင်း UNOCHA က ဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံရဲ့ အနောက်မြောက်ဘက်၊ အရှေ့တောင်ဘက်နဲ့ ရခိုင်ပြည်နယ်တို့မှာ သိသိသာသာ ပျက်စီးခဲ့ရပြီး ထောင်တဲ့ချီတဲ့ ကောက်ပဲသီးနှံတွေ၊ လယ်မြေတွေနဲ့ တိရစ္ဆာန်တွေ ရေနစ်မြုပ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရေကြီးရေလျှံ စတင်ခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကနေ အခု ဆယ့်ရှစ်ရက်အကြာအထိ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ အမိုးအကာနဲ့ လျှော်ဖွပ်တာ အပါအဝင် အရေးပေါ်အကူအညီတွေကို ရေဘေးသင့် ပြည်သူအချို့ဆီကို ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း UNOCHA က ရေးသားထားပါတယ်။

သဘာဝဘေးဒဏ်ကနေ လွတ်မြောက်သွားပေမဲ့ ရေဘေးသင့်ပြည်သူတွေဟာ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရ ကြောင်း၊ သူတို့ရဲ့ အဝင်ငွေဆုံးရှုံးမှုနဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ပံ့ပိုးကူညီမှုတွေ မဖြစ်မနေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေးမှာ နှေးကွေးမှာဖြစ်ပြီး အဲဒေသတွေမျာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင် ရမယ်လို့လည်း ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။