နိုင်ငံတစ်ဝန်း လူကိုးသိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း UNOCHA ထုတ်ပြန်

RFA Burmese
2024.09.21
နိုင်ငံတစ်ဝန်း လူကိုးသိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း UNOCHA ထုတ်ပြန် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဒေသခံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီပေးစဉ်။
Facebook/ Myanmar Fire Services Department

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရေဘေးကြုံခဲ့ရတာလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူ သုံးရာကျော်နဲ့ ဒဏ်ရာရသူက တစ်ရာနီးပါးရှိတယ်လို့လည်း UNOCHA က ဖော်ပြပါတယ်။

ရေဘေးကြောင့် နေအိမ်အဆောက်အအုံ၊ လမ်း၊ တံတားတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံတွေ ပျက်စီးသလို ကောက်ပဲသီးနှံတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့ မန္တလေးတိုင်းအတွင်းမှာတော့ ရေဘေးသင့်ရွာ ၁၅ ရွာက လူပေါင်း ၂၃၀ ကျော် သေဆုံးခဲ့သလို ဒဏ်ရာရသူ လူငါးဆယ်ကို ရမည်းသင်းဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိတယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။