နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိနေကြောင်း UNOCHA ပြော
2024.12.13

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မကြုံစဖူး တိုးလာနေပြီး လာမဲ့ ၂၀၂၅ ခုနှစ်မှာ အကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး (၁၉ ဒသမ ၉ သန်း) ရှိလာမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲက လူငါးသန်းခွဲကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် (၁ ဒဿမ ၁ ဘီလီယံ) တောင်းခံထားတယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှု အကျပ်အတည်းတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် သဘာဝဘေးအန္တရာယ်နဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုများလာတာလို့ ဖော်ပြထားပါတယ်။
ဒီအကျပ်အတည်းတွေကို နိုင်ငံတစ်ဝန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ ရင်ဆိုင်နေကြရရာမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါး၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံထားတဲ့ ဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာ လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်ဖွယ်ရှိတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက်ရဲ့ ၃၄ ရာခိုင်နှုန်းသာ လက်ခံရရှိထားပြီး သန်းနဲ့ချီတဲ့ အကူအညီလိုအပ်နေသူတွေကို အပြည့်အဝ မကူညီနိုင်ဘဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အရေးပေါ် အခြေအနေ ရောက်ရှိနေသူတွေကိုသာ ကူညီပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားထားပါတယ်။