ပါမောက္ခတစ်ဦးနဲ့ မန္တလေး သတင်းသမားအကြား ပြဿနာ ကောင်စီ ကွင်းဆင်းမေးမြန်း
2019.01.06

ဒီဇင်ဘာလ ၂၈ရက်နေ့က ရတနာပုံတက္ကသိုလ်မှာ ပါမောက္ခဌာနမှူးတစ်ဦးနဲ့ သတင်းသမားတွေအကြား ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မတီဟာ ဒီနေ့ မန္တလေးမြို့မှာ သတင်းထောက်တွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ တေ့ွဆုံမေးမြန်းခဲ့ပါတယ်။
အဲဒီစုံစမ်းစစ်ဆေးရေးကော်မတီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျောင်းတာဝန်ရှိသူတွေနဲ့လည်း မနက်ဖြန်မှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းသားတချို့က လုံခြုံရေးတိုးမြှင့်ချထားပေးဖို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြနေချိန်မှာ သတင်းရယူနေတဲ့ သတင်းသမားတွေကို ပါမောက္ခတစ်ဦးက ပြောဆိုခဲ့တာဟာ ခြိမ်းခြောက်ရာရောက်ကြောင်း မန္တလေး သတင်းသမားတွေက သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ၁၄ ရက်အတွင်း ကွင်းဆင်းစုံစမ်းပြီး ဇန်နဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားကာ သတင်းမီဒီယာကောင်စီထံ အစီရင်ခံစာတင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
တက္ကသိုလ်ကျောင်းသား ၃ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းပရဝုဏ်တွေမှာ လုံခြုံမှုရှိအောင်ဆောင်ရွက်ပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က တက္ကသိုလ်ကျောင်းသားတချို့ ဆန္ဒပြချိန်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေနဲ့ ပါမောက္ခဌာနမှူးတစ်ဦးအကြား ပြဿနာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို အာဏာပိုင်တွေကဖြိုခွင်းရာမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကိုပါ ရိုက်နှက်ဖို့ ရုက္ခဗေဒဌာန ပါမောက္ခ၊ဌာနမှူး ဒေါက်တာခင်သက်ကျော်က ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန် ဖြေရှင်းပေးဖို့ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ထံ မန္တလေးအခြေစိုက် သတင်းမီဒီယာတွေက ဒီဇင်ဘာလ ၂၈ရက်နေ့မှာ စာပို့တောင်းဆိုခဲ့ပါတယ်။
ဒါအပြင် သတင်းမီဒီယာကောင်စီကိုလည်း စုံစမ်းအရေးယူဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တဲ့အတွက် ကောင်စီက စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ကော်မတီက သတင်းယူခဲ့တဲ့ မန္တလေးအခြေစိုက် သတင်းသမားတွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဒီနေ့မှာ သီးသန့်စီတွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။
ကော်မတီအဖွဲ့ဝင် ဒေါ်သူဇာက အခြေအနေကို အခုလို ပြောပါတယ်။
"စုံစမ်းရေးကော်မတီက ဒီနေ့ မန္တလေးကို စဆင်းတယ်၊ ပြီးတော့ မန္တလေးက သတင်းထောက်တွေနဲ့ စတွေ့တယ်ရှင့်၊ ပြီးတော့ ဗကသ ပေါ့၊ ဆန္ဒပြတဲ့ ကျောင်းသားတွေနဲ့ သူတို့ထဲက မျက်မြင်သက်သေတချို့နဲ့ တွေ့တယ်၊ အဓိက ကျမတို့က မေးမြန်းတာပေါ့နော်၊ လက်ရှိ မီဒီယာဥပဒေမှာ ဖော်ပြထားတဲ့အတိုင်းပဲ သတင်းရယူတဲ့နေရာမှာ ခြိမ်းခြောက်ခံရမှုရှိတယ်ဆိုပြီး တိုင်ကြားမှုရှိတဲ့အတွက် ကျမတို့က မေးမြန်းတဲ့သဘောပါ၊ ကျမတို့က မေးမြန်းတာဖြစ်တဲ့အတွက် သူတို့ဆီက ပြောတဲ့အသံကို နားထောင်ပြီးတော့မှ အစီရင်ခံစာရေးပြီး MPC ကို တင်ရမှာဖြစ်တဲ့အတွက် သူတို့တွေရဲ့ ပြောတဲ့အသံတွေအားလုံးကို နားထောင်တဲ့သဘောပေါ့နော်"
အခင်းဖြစ်ပွားရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ သတင်းထောက် ကိုနိုင်လင်းဦးက ကော်မတီနဲ့ တွေ့ခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
"ဒီနေ့က မန္တလေးမီဒီယာအဖွဲ့နဲ့ တွေ့တာပေါ့၊ အဲဒီနေ့ ဖြစ်စဉ်မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေရယ် မီဒီယာတွေရဲ့ နစ်နာမှုအကြောင်းတွေရယ် ပြောဖြစ်ခဲ့ပါတယ်"
စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ မနက်ဖြန်မှာ ရတနာပုံတက္ကသိုလ်က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ကွင်းဆင်းစုံစမ်းပြီး ရလာတဲ့အချက်အလက်တွေကို ဇန်နဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အစီရင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရရှိလာတဲ့ အစီရင်ခံစာပေါ်မူတည်ပြီး သတင်းမီဒီယာဥပဒေအရ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ထိပါးမှု ရှိ/မရှိ ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်းနဲ့ မသက်စုအောင် ပေးပို့တာပါ။