ရတနာပုံတက္ကသိုလ်နဲ့ သတင်းမီဒီယာတွေ ပြဿနာဖြေရှင်းရေး ကော်မတီဖွဲ့
2019.01.04
မန္တလေး ရတနာပုံတက္ကသိုလ်က ပါမောက္ခတဦးက မီဒီယာတွေကို စော်ကားပြောဆိုခဲ့တယ် ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က ရတနာပုံတက္ကသိုလ် ကျောင်းသားတချို့ ဆန္ဒပြချိန်မှာ ရုက္ခဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာခင်သက်ကျော်က… သတင်းသမားတွေရဲ့တာဝန်ကို ဟန့်တားခြိမ်းခြောက်ပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး မန္တလေးမြို့အခြေစိုက် သတင်းမီဒီယာတွေက သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကို သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဦးကျော်နိုင်(စာရေးဆရာ ထက်မြက်) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၅ ယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အဲဒီကော်မတီဟာ ဖြစ်စဉ်အသေးစိတ်ကို ၁၄ ရက်အတွင်း ကွင်းဆင်းစစ်ဆေးပြီး လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့နောက်ဆုံးထားပြီး ကောင်စီကို ပြန်လည်အစီရင်ခံရမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းမှာ ၆ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ဦး အသတ်ခံခဲ့ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထားပေးဖို့ ကျောင်းသားတချို့က ရတနာပုံတက္ကသိုလ်ရှေ့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲလိုဆန္ဒပြချိန်မှာ ရတနာပုံတက္ကသိုလ် ရုက္ခဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ခင်သက်ကျော် ကနေ သတင်းသမားတွေကို ပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။
"မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကိုရိုက်၊ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်တဲ့သူတွေကိုရိုက်၊ ကလေးတွေကိုမြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်တဲ့သူတွေကိုရိုက်"
အဲဒီနေ့က ရတနာပုံတက္ကသိုလ်ရှေ့မှာ သတင်းယူနေခဲ့တဲ့ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ မထိန်ထိန်လင်းက အခုလို ပြောပါတယ်။
"အဲနေ့က ကျောင်းသားတွေကတော့ ပထမထဲက သူတို့တောင်းဆိုတဲ့အတိုင်းပဲ၊ ဆန္ဒပြပြီးတော့မှ အဲနေ့က သူတို့ ပါမောက္ခချုပ်၊ ဝန်ကြီးချုပ်အပါအဝင် ဓါတ်ပုံတွေကို မီးရှို့တယ်၊ လမ်းက လမ်းဘေးလည်းဖြစ်နေတယ်၊ ကျောင်းရှေ့လည်းဖြစ်နေတာ့ ကျောင်းသားတွေတော့ အများကြီးပဲဗျ၊ အလယ်ပေါက်ကြီးကလည်း ပိတ်ထားတော့ ဆရာမတော့ကလည်း ကော်ရတာဘက်မှာရှိတယ်၊ ကျနော်တို့က ဒီဘက်မှာ အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့လား၊ သတင်းတပ်ဖွဲ့လား၊ အဲဒီအဖွဲ့အစည်းက လူတွေကလည်း အများကြီးရှိတယ်၊ သတင်းထောက်ကတော့ ကျနော်တို့ ၄ ယောက်ပဲဗျ၊ စပြီးတော့ မီးရှို့လိုက်တဲ့အချိန်မှာ သူတို့ဘက်က ပထမတော့ ဆရာတစ်ယောက်နဲ့ ဆရာမကြီး တစ်ယောက်က လာတားနေရာကနေ မီးရှို့လိုက်တဲ့အချိန်မှာ နည်းနည်း ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားပြီးတော့ ကျောင်းသားတွေကတော့ မီးရှို့ပြီးပြီးချင်းထွက်သွားတာ၊ အဲဒီမှာ ဟိုဘက်ကဆရာမတွေကတော့ မိုက်ရိုင်းတာ ရိုက် ရိုက် အဲလိုတော့ ကြားတယ်၊ သေသေချာချာတော့ မသိလိုက်ဘူး၊ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ကျောင်းသားတွေနောက်လိုက်သွားတာ၊ ညနေပိုင်းရောက်တော့မှ အဲဒီဆရာမက ဒီလိုအော်နေတယ်ဆိုတာ သိရတာ၊ ဗီဒီယိုဖိုင်ထဲမှာ ပါလာတာ"
ရုက္ခဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ခင်သက်ကျော် ပြောတာဟာ ဓာတ်ပုံရိုက်ထားဖို့ ပြောတာသာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်က RFA ကို ပြောပါတယ်။
"အဲဒါဟုတ်မှ မဟုတ်တာ သူတို့အမှားတွေ လျှောက်ရေးနေတာ၊ ကျနော်တို့ သတင်းမီဒီယာအပေါ်မှာ ဟန့်တားနှောင့်ယှက်တာတွေ ဘာမှမရှိဘူး၊ ကျောင်းကနေပြီးတော့ သတင်းသမားတွေကိုလည်း ဓာတ်ပုံရိုက်တဲ့သူတွေ ရှိတယ်ပေါ့နော်၊ သူတို့ကနေပြီးတော့ သူတို့ပုံတွေမရိုက်ပါနဲ့ဆိုပြီးတော့ ခေါ်ဖျက်ခိုင်းတယ်၊ သူတို့ကျတော့ ဓာတ်ပုံရိုက်တယ်၊ ကျနော်တို့ဘက်က ဆရာမကလည်း Emotion ဖြစ်တာပေါ့နော်၊ မရဘူး ရိုက်ရိုက်၊ သူတို့ပါပြန်ရိုက် အဲတာတွေဖြစ်ကြတယ်လို့ပြောတယ်"
နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ဖြေရှင်းပေးဖို့ဆိုပြီး မန္တလေးအခြေစိုက် သတင်းမီဒီယာတွေက ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ထံ စာပေးပို့ခဲ့ပါတယ်။
ပေးပို့တဲ့နေ့ကနေ ၇ ရက်အတွင်း တရားဝင် ပြန်လည်မတောင်းပန်ရင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေထံကိုလည်းကောင်း၊ ဥပဒေကြောင်းအရလည်းကောင်း တိုင်ကြားသွားမယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီအကြောင်းကို မန္တလေးအခြေစိုက် သတင်းမီဒီယာတစ်ယောက်ဖြစ်တဲ့ ဦးလင်းထူးက အခုလို ပြောပါတယ်။
"သူတို့ Emotion များတဲ့အချိန်မှာဖြစ်တယ်လို့ သတ်မှတ်တဲ့အတွက် တရားစွဲဖို့အဆင့်ကို နောက်ဆုံးအဆင့်ထားပါတယ်၊ သူတို့ဘက်ကပြန်ဖြေရှင်းပေးဖို့ပဲ ကျနော်တို့ တောင်းဆိုတာပါ၊ ၇ ရက်အတွင်းမှာ တရားစွဲမယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိအနေအထားမှာတော့ မီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့လိုက်တော့ အဲအဖွဲ့က အစီရင်ခံလာမယ့် အပေါ်မှာ တစ်ချက်စောင့်ကြည့်ပါမယ်၊ အဲဒါပြီးတော့မှ လုပ်ဖို့လိုအပ်တယ်ဆိုလည်း ဆက်လုပ်မယ်၊ မလိုရင်လည်း မီဒီယာကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်းနေပါ့မယ်"
သတင်းမီဒီယာသမားတွေနဲ့ ပါမောက္ခတို့ကြား ပြဿနာကို ဖြေရှင်းဖို့အတွက် သတင်းမီဒီယာကောင်စီက ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်နေပါတယ်။
မန္တလေးအခြေစိုက် သတင်းမီဒီယာတွေအပါအဝင် သတင်းမီဒီယာအဖွဲ့အတော်များများက ကောင်စီကိုတိုင်ကြားလာတဲ့အတွက် ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့လုပ်ရတာလို့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။
"မီဒီယာကောင်စီဥပဒေအရ သတင်းရယူပိုင်ခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက လိုက်လျောရမယ်၊ ကူညီရမယ်၊ ပြဋ္ဌာန်းထားပါတယ်၊ အခြေခံဥပဒေအရလည်းပဲ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်၊ ရေးပိုင်ခွင့်တွေရှိပါတယ်၊ အဲဒါတွေကို ထိပါးခဲ့တယ်ဆိုရင် ဌာနမှူးရယ်၊ ဘယ်သူရယ်၊ ပုဂ္ဂိုလ်တွေမပါပါဘူး၊ နောင်လည်း ဒါမျိုးမဖြစ်အောင် စီစဉ်ရမှာပေါ့၊ မြန်မာပြည်မှာက ထစ်ခနဲဆို သတင်းထောက်တွေ သတင်းယူရာမှာ အတားအမြစ် အပိတ်အပင်တွေတင်မကဘဲ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်တာတွေဖြစ်ခဲ့တယ်၊ အဲဒါတွေနောင်ကို မဖြစ်အောင်လို့ ဘယ်လိုဆောင်ရွက်မလဲ စဉ်းစားဖို့ပါ၊ ဌာနမှူးတစ်ယောက် အမျိုးသမီးတစ်ယောက်က ဒီဟာကိုဟန့်တားတာတို့၊ တားမြစ်တာတို့ကို မရည်ရွယ်ပါဘူး၊ သတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ပဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားမှာပါ၊ အဲဒါကြောင့် ဒေါင့်စုံအောင် စုံစမ်းပေးဖို့ ၅ ဦးကော်မတီဖွဲ့ပြီး လွှတ်လိုက်တယ်"
ကောင်စီကဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီမှာ အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဦးသာလွန်ဇောင်းထက်က မနက်ဖြန်ကနေစပြီး ကွင်းဆင်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
"ဖြစ်တဲ့ ရတနာပုံတက္ကသိုလ်ရော၊ မီဒီယာသမားတွေရော မျက်မြင်သက်သေတွေရောကို ဘယ်လိုဖြစ်တာလဲဆိုတဲ့ ဖြစ်စဉ်အချက်အလက်ကို ကျနော်တို့က သွားပြီး မေးမြန်းပြီး အချက်အလက်ရယူမယ်၊ ပြီးရင်တော့ အစီရင်ခံစာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တင်ပြမှာပေါ့"
သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ထိပါးမှု ရှိ/မရှိ ဆုံးဖြတ်နိုင်ဖို့ ကော်မတီကို ဖွဲ့စည်းပြီး ကော်မတီရဲ့ အစီရင်ခံစာအပေါ် မူတည်ကာ ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ သတင်းမီဒီယာကောင်စီက ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။