ဦးဝဏ္ဏမောင်လွင် ဝါရှင်တန်မှာ အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံနေ
2011.09.29
ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာတော့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ ဝါရှင်တန် မြို့တော်မှာ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ အင်္ဂါနေ့က ကုလသမဂ္ဂ ရုံးချုပ်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရအနေနဲ့ မကြာခင်မှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိကြောင်း ကတိပြု ပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ မကြာခင် အိန္ဒိယ၊ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ခရီးသွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော် သမ္မတရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဦးသိန်းစိန်ဟာ အောက်တိုဘာ လလယ်ပိုင်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ပြီးနောက်၊ တရုတ်နိုင်ငံကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုတက်ရောက်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက တောင်းဆိုထားတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌရာထူး အတွက် ဘာလီကျွန်းမှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံက အပြီးသတ် ဆုံးဖြတ်ချက် ချမှတ် ဖြစ်ပါတယ်။ ဒီညီလာခံကို အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် စတဲ့ ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။