အာဆီယံအစည်းအဝေးတက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှာမဟုတ်

ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ရောက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောလိုက်ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိသလောက် နည်းတာကြောင့် အစည်းအဝေးကို မဖိတ်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ သံတမန်တွေကို ဇူလိုင်လ ၆ ရက်နေ့က ပြန်လည်ရှင်းပြစဉ်မှာ အခုလိုပြောခဲ့တာလို့ ခမာတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ဒုတိယအကြိမ် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက် အာဆီယံ အစည်းအဝေးအတွက်လည်း နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုသာ ဖိတ်ကြားမယ့်အကြောင်း မြန်မာဘက်ကို အသိပေးစာ ပို့ထားပြီလို့ ဆိုပါတယ်။
ပရက်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သူ့ရဲ့ရှေ့နေတွေနဲ့ပါ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက တွေ့ခွင့်မပေးခဲ့ပါဘူး။
မြန်မာ့အရေး ဖြေရှင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း ပရက်ဆော့ခွန်းက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၂ နာရီကြာ တွေ့ဆုံစကားပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ရာပြည့်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အာဆီယံ ၁ဝ နိုင်ငံအပြင် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယား၊ မွန်ဂိုးလီးယား၊ ပါကစ္စတန်၊ သီရိင်္လကာ၊ တီမောနဲ့ ပါပူဝါ နယူးဂီနီတို့လည်း တက်ရောက်ဖို့ရှိနေပါတယ်။
အာဆီယံ အနေနဲ့ မြန်မာ့အရေးဖြေရှင်းရေးမှာ အာဆီယံဟာ တိုက်ရိုက် ပါဝင်ပတ်သက်သူ မဟုတ်ဘဲ ကူညီဆောင်ရွက်ပေးသူသာဖြစ်ကြောင်းနဲ့ အဓိကတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံက ဦးဆောင်သူတွေသာ ဖြစ်တယ်လို့လည်း ပရက်ဆော့ခွန်းက ပြောပါတယ်။