လူသားချင်းစာနာကူညီမှု ကုလအတွင်းရေးမှူးချုပ် ဂုဏ်ပြု
2011.08.19

UNHCR
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ‘လူမှုရေးဒုက္ခတွေ၊ အကြပ်အတည်းတွေ မရှိတဲ့နှစ်ရယ်လို့ မရှိခဲ့ကြောင်းနဲ့ အဲဒီလို ဒုက္ခတွေ ရင်ဆိုင်ရပြီး အကူအညီလို နေသူတွေဆီကို အကူအညီ ပေးနိုင်တဲ့ အမျိုးသား အမျိုးသမီးတွေ အတူတကွ သွားရောက်ကူညီ ကြတယ်လို့ ဒီပွဲအတွက် သတင်းစကား ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိ မစ္စတာ ဘေရာဂျာ ပန်ဒေး Mr. Bhairaja Panday က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ ဂီရိမုန်တိုင်းနဲ့ ရှမ်းပြည်နယ်က ငလျင် ဘေးဒဏ်တွေ အတွက် အကူအညီ ပေးနိုင်ခဲ့တာ တွေကိုလည်း ချီးကျူးပြောဆို ခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးကြည် ကလည်း လူမှုရေးအဖွဲ့တွေအားလုံး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရက ဖိတ်ခေါ်ထားတယ်လို့ ဒီနေ့ပွဲမှာ ပြောဆိုသွားပါတယ်။
အဲဒီပွဲကို ပြည်တွင်း ပြည်ပ လူမှုရေးအဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ စုစုပေါင်း အယောက် (၂၀၀) ခန့် တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း လူမှောင်ခိုကူးမှုနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ မတရား ခိုင်းစေခံရပြီး ခေါင်းပုံဖြတ် ခံနေရတာ အတွက် ထိုင်းနိုင်ငံက ပိုပြီး ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ကုလသမဂ္ဂ လူကုန်ကူးမှု ဆိုင်ရာ အထူး ကိုယ်စားလှယ် Ms Joy Ezeilo က ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို တိုက်တွန်း သွားတာပါ။ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု ပေါက်ဖွားရာ နေရာ၊ တခြားကို လူကုန်ကူး ခံရသူတွေကို လွှဲပြောင်းပေးရာ နေရာ၊ လူကုန်ကူး ခံရသူတွေ ရောက်လာတဲ့ နေရာ ဖြစ်တယ်လို့ Ms Joy Ezeilo က ပြောပါတယ်။
အဓိကအနေနဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေက လူကုန်ကူး ခံရသူတွေကို လက်ခံနေရတဲ့ နိုင်ငံဖြစ်ပြီး ထိုင်နိုင်ငံကနေ တဆင့် တခြားနိုင်ငံတွေ အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို လွှဲပြောင်းပို့ဆောင် ပေးတယ်လို့ ပြောသွားတာပါ။ လုပ်ခသက်သာတဲ့ ဒီလူတွေ ခေါင်းပုံဖြတ်ခံရတဲ့ ကိစ္စကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိဘူးလို့လည်း ပြောပါတယ်။
ကမ္ဘာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေသာ လူကုန်ကူး ခံရတာများပေမယ့် ထိုင်းနိုင်ငံမှာ အမျိုးသားတွေပါ လူကုန်ကူး ခံရတယ်လို့လည်း ဆိုပါတယ်။
လူကုန်ကူးခံရတဲ့ အမျိုးသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားတွေကို ငါးလုပ်ငန်းနဲ့ ငါးဖမ်းလှေတွေမှာ အများဆုံး တွေ့ရတယ်လို့ Ms Joy Ezeilo က ပြောပါတယ်။ ကုလသမဂ္ဂ လူကုန်ကူးမှုဆိုင်ရာ အထူး ကိုယ်စားလှယ်ဟာ ထိုင်နိုင်ငံကို ၁၁ ရက်ကြာ တရားဝင် ခရီးရောက်ရှိ နေတာဖြစ်ပြီး ဗန်ကောက်၊ ချင်းမိုင်၊ ဆမွတ်ဆခွန်၊ ဆန်ခလနဲ့ တပ်ခ် ခရိုင်တွေမှာ လူကုန်ကူး ခံရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လူကုန်ကူးမှုဆိုင်ရာ ဥပဒေ သတ်မှတ်တာ အပြင် မူဝါဒ အကောင်အထည် ဖော်ရာမှာနဲ့ ဥပဒေအရ အရေးယူတာ အားနည်းတာကိုလည်း သူကထောက်ပြပါတယ်။ ဒေသဆိုင်ရာ အောက်ခြေအရာရှိတွေ အဂတိ အကြီးအကျယ် လိုက်စားနေတယ် လို့လည်း ပြောပါတယ်။
Ms Joy Ezeilo ဟာ ထိုင်းနိုင်ငံက လူကုန်ကူးမှု ဆိုင်ရာ ကနဦး လေ့လာတွေ့ရှိ ချက်တွေကို ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တင်ပြတာဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ၂၀၁၂ ခုနှစ်မှာ တင်ပြမှာ ဖြစ်ပါတယ်။