အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်သတ်မှတ်ဖို့ ကော်မတီ ဆုံးဖြတ်


2017.12.29
minimum-wage-4800-622.jpg အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က နေပြည်တော်မှာကျင်းပခဲ့စဉ်
Photo: Win Ko Ko Latt/RFA

အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားသစ်အဖြစ် တစ်ရက်ကို ၄၈၀၀ နှုန်း သတ်မှတ်ဖို့ ဒီကနေ့ နေပြည်တော်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလို သတ်မှတ်လိုက်တာကို ကန့်ကွက်လိုသူ အလုပ်သမား၊ အလုပ်ရှင်တွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေ ကပြောပါတယ်။

"ကြေညာချက်ကိုလည်းပဲ လုပ်သားပြည်သူအားလုံး၊ တိုင်းရင်းသားတွေ ပြည်သူအားလုံးသိအောင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီးတော့မှ ဒီကိစ္စအပေါ်မှာ အလုပ်ရှင်ကသော်လည်းကောင်း၊ အလုပ်သမားကသော်လည်းကောင်း မကျေနပ်ဘူးဆိုရင် ပြန်ပြီးတော့မှ တင်ပြနိုင်ပါတယ်၊ အဲဒါကို ပြန်လည်ပြီးတော့ ကော်မတီက စဉ်းစားပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ညှိနှိုင်းသွားမှာဖြစ်ပါတယ်၊ တကယ်လို့ သဘောတူတယ် ဆောင်ရွက်စရာ မရှိဘူးဆိုရင်တော့ အစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ အတည်သတ်မှတ်သွားမှာဖြစ်ပါတယ်၊ ရက် ၆ဝ တော့ စောင့်ရမှာဖြစ်ပါတယ်"

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပြုလုပ်ခဲ့တဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ့ဆုံပွဲတွေမှာ အလုပ်သမားဘက်က အနိမ်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ၅၀၀၀ ကျပ်ကနေ ၆၆၀၀ ကျပ်ကြား တောင်းဆိုထားပြီး အလုပ်ရှင်ဘက် ကတော့ ၃၆၀၀ ကျပ်နဲ့ ၄၀၀၀ ကျပ်ကြားပေးဖို့ ဆွေးနွေးခဲ့ထားကြပေမယ့် ဒီကနေ့မှာ ၄၈၀၀ ကျပ် သတ်မှတ် လိုက်တာပါ။

ရက်ပေါင်း ၆၀ အတွင်း အလုပ်ရှင်၊ အလုပ်သမားဘက်က ကန့်ကွက်သူမရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး နှစ်ပတ်ကနေ တစ်လအတွင်း အဲဒီနှုန်းကို အတည်ပြုမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အနိမ့်ဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို ၃၆၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။