တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်
2018.03.05

အလုပ်သမားတစ်ဦးရဲ့ အနည်းဆုံးတစ်ရက်လုပ်ခကို ကျပ် ၄၈၀၀ သတ်မှတ်ဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
အလုပ်သမားတစ်ဦးကို တစ်ရက်အလုပ်ချိန် ၈ နာရီမှာ တစ်ရက် ၄၈၀၀ နှုန်းနဲ့ အလုပ်သမား ၁၀ ဦးနဲ့အထက် အကျုံးဝင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ကိုဝင်းဇော် က ပြောပါတယ်။
"ဒီနေ့က အမျိုးသားကော်မတီရဲ့ ၅ ကြိမ်မြောက် နောက်ဆုံးအစည်းအဝေးပေါ့။ အဲဒီအစည်းအဝေးမှာ ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားတဲ့ ၄၈၀၀၊ ဒါကို အခုကျနော်တို့ တစ်ညီတစ်ညွတ်တည်းနဲ့ အတည်ပြု ဆုံးဖြတ်လိုက်တယ်။ အလုပ်သမားတစ်ယောက်ကို တစ်နေ့အလုပ်ချိန် ၈ နာရီမှာ အလုပ်သမား ၁၀ ဦးနဲ့အထက် အကျုံးဝင်ရမည်ဆိုပြီးတော့ တစ်နိုင်ငံလုံး တပြေးညီ ဆုံးဖြတ်လိုက်ပါတယ်"
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက တစ်ရက် ၄၈၀၀ ဆိုတဲ့နှုန်းထားကို အလုပ်ရှင်ရော အလုပ်သမားဘက်ကပါ သဘောတူခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် ၅ ခုက ကန့်ကွက်ခြင်း မရှိတဲ့အတွက် အတည်ပြုဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အမျိုးသားကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရထံ တင်ပြရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတက ၁၄ ရက် အတွင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရမှာဖြစ်တယ်လို့ ဥပဒေမှာပါရှိတာ ဖြစ်ပါတယ်။
အဲဒီအမိန့်စာမှာ အလုပ်သမားတွေကို ဘယ်ရက်ကစပြီး ခံစားခွင့်ပြုတယ်ဆိုပြီး ပါဝင်မှာ ဖြစ်တယ်လို့ ကိုဝင်းဇော် က ပြောပါတယ်။
အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားသစ်အဖြစ် တစ်ရက်ကို ၄၈၀၀ နှုန်း သတ်မှတ်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အမျိုးသားကော်မတီရဲ့ ၄ ကြိမ်မြောက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အလုပ်ရှင်တွေဘက်က တစ်ရက် ၄ထောင်သာ ပေးနိုင်ကြောင်း တင်ပြကြသလို အလုပ်သမားတွေဘက် ကတော့ ၄၈၀၀ ထက် ပိုတိုးပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ အစိုးရက အဆိုပြုထားတဲ့ နှုန်းထား အတိုင်း သတ်မှတ်လိုက်တာဖြစ်ပါတယ်။