အမျိုးသမီးအရေး ဦးဆောင်သူ ၆ ဦးကို ဆုချီးမြှင့်ဖို့ ရွေးချယ်
2013.10.23
အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းသူ အမျိုးသမီး ၆ ဦးစာရင်းကို မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် Women Organization Networkက ရွေးချယ်လိုက်ပြီး လာမယ့် အောက်တိုဘာ ၃၁ရက်နေ့မှာ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ဂုဏ်ပြုဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။
အမျိုးသမီးအခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်တာလို့ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် WON အဖွဲ့ရဲ့ ပဲ့ကိုင်ကော်မတီဥက္ကဋ္ဌ ဒေါ်နော်စူစန်နာ လှလှစိုးက ပြောပါတယ်။
“မြန်မာနိုင်ငံအမျိုးသမီးတွေအတွက် ထူးထူးချွန်ချွန်လုပ်တဲ့သူတွေကို ဆုပေးမှာလေ၊ ရည်ရွယ်ချက်ကတော့ အမျိုးသမီးအရေးကို တက်တက်ကြွကြွလုပ်ပေးတဲ့သူတွေကို ဂုဏ်ပြုတာပေ့ါ၊ အမျိုးသမီးဖိုရမ်ကလည်း ဒီအမျိုးသမီးနဲ့ နိုင်ငံရေး၊ အမျိုးသမီးနဲ့ စီးပွားရေး အဲလိုခေါင်းစဉ်လေးတွေနဲ့ ဆွေးနွေးမှာလေ”
အမျိုးသမီးအခွင့်အရေး ဥပဒေပညာရှင်ဆုအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ တရားမျှတမှုမြတ်နိုးသူ အမျိုးသမီးဆုကို ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးမှုဆုကို လက်ရှိပဲခူးတိုင်းဒေသကြီး နတ္တလင်းအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ ဒေါ်ခင်မိမိခိုင်၊ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်နဲ့ အမျိုးသမီးကျန်းမာရေး ကူညီပေးရေးဆုကို ဂုဏ်ရှိန်မြင့် ရတနာရောင်းဝယ်ရေးက ဒေါ်ကေသီမြင့်တို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီး ထူးချွန်ဆုပိုင်ရှင် ၆ ဦးကို မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် WON ရဲ့ ပဲ့ကိုင်ကော်မတီဝင် ၁၀ဦးက ရွေးချယ် တာဖြစ်ပြီး ဒီနှစ် ပထမဆုံးအကြိမ် ရွေးချယ်တာဖြစ်ပါတယ်။