RFA သတင်းဌာန Edward R. Murrow သတင်းထူးချွန်ဆု ရရှိ

(RFA)

RFA က ထုတ်လွှင့်ခဲ့တဲ့ "သေနတ်ပြောင်းဝအောက်က မြန်မာပြည်" အထူးဆောင်းပါးကို အခုနှစ်အတွက် Edward R. Murrow Award (အက်ဝဒ် အာ၊ မာရိုး သတင်းထူးချွန်ဆု) ချီးမြှင့်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ရေဒီယိုသတင်းဌာနများဆိုင်ရာ ဒစ်ဂျစ်တယ်ကဏ္ဍ အကောင်းဆုံးအစီအစဉ်အဖြစ် အမေရိကန်အခြေစိုက် "ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ဒစ်ဂျစ်တယ်သတင်းအဖွဲ့" ( Radio Television Digital News Association) က ဆုချီးမြင့်လိုက်တာပါ။

သတင်းမီဒီယာလောကမှာ ဂုဏ်သိက္ခာရှိတဲ့ ဒီဆုဟာ ဒုတိယကမ္ဘာစစ်ပွဲကာလက ထင်ရှားတဲ့ အမေရိကန်ရေဒီယိုသတင်းထောက် Edward R. Murrow (၁၉၀၈-၁၉၆၅) ကို ဂုဏ်ပြုတဲ့အနေနဲ့ သတင်းစုံစမ်းတင်ပြချက်၊ သတင်းပေးပို့ချက်တွေမှာ ထူးထူးခြားခြား တင်ပြနိုင်တဲ့ သတင်းဌာနတွေကို နှစ်စဉ် ချီးမြှင့်နေတာပါ။

အက်ဝဒ် အာ၊ မာရိုး (Edward R. Murrow Award) သတင်းထူးချွန်ဆုတံဆိပ်။
အက်ဝဒ် အာ၊ မာရိုး (Edward R. Murrow Award) သတင်းထူးချွန်ဆုတံဆိပ်။



၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ RFA က တင်ပြခဲ့တဲ့ " သေနတ်ပြောင်းဝအောက်က မြန်မာပြည်" အထူးဆောင်းပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို မှတ်တမ်းတင် ဖော်ပြထားပါတယ်။

အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ တင်ပြထားတဲ့ ဒီအထူးဆောင်းပါးမှာ စစ်ကောင်စီက အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ အပါအဝင် ကြောက်မက်ဖွယ် အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ဘဝကို အချက်အလက်၊ အထောက်အထား၊ မှတ်တမ်းတွေနဲ့အတူ တင်ပြထားပါတယ်။

ဒါ့ပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက် ကဏ္ဍပေါင်းစုံက ပြည်သူတွေရဲ့ ဘဝတွေကို ထပ်ဟပ်တဲ့ သတင်းဗီဒီယိုအတိုတွေကို "တိုက်ပွဲကြားက သတင်းသမား"၊ "ရန်ကုန်က ပလုံကောက်မိသားစု"၊ "မီးလောင်ပြာပုံကြားက ဒုက္ခသည်"၊ "လက်လုပ်သေနတ်နဲ့ တော်လှန်ရေး"၊ "နှစ်ဆတိုးလာတဲ့ ဘိန်းထုတ်လုပ်မှု" အစရှိတဲ့အမည်တွေနဲ့ တင်ပြထားပါတယ်။

ဒီသတင်းဗီဒီယိုတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် The Telly Awards က ၂ဝ၂၃ ခုနှစ်အတွက် အကောင်းဆုံး အွန်လိုင်းသတင်းဗီဒီယိုအဖြစ် ကြေးတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။

"သေနတ်ပြောင်းဝအောက်က မြန်မာပြည်" အထူးဆောင်းပါးကို အောက်မှာ‌ဖော်ပြထားတဲ့ RFA အင်တာနက်စာမျက်နှာတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

"သေနတ်ပြောင်းဝအောက်က မြန်မာပြည်"

Under the gun in Myanmar

ဗီဒီယိုများ