ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများရဲ့ပါဝင်မှု ဆွေးနွေး


2014.02.24
wlb-305 ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ
Photo : RFA

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ဆုံး အခြေအနေတွေအပေါ် ဆွေးနွေးသုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ) WLB က ဦးဆောင်ပြီး ချင်းမိုင်မြို့ Holiday Garden Hotel မှာ ဒီကနေ့ ကျင်းပနေတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာ နယ်စပ်အပါအဝင် ပြည်နယ်အသီးသီးမှာ ရှိတဲ့ အမျိုးသမီး အဖွဲ့အစည်းဝင်တွေပါဝင်တဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက အခုလို ပြောပါတယ်။

အဓိကတော့ ကျမတို့တွေက ဒီလူထုလူတန်းစားအားလုံးပါဝင်တဲ့၊  ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးတစ်ခုကို ဖော်ဆောင်ချင်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ လူထုလူတန်းစားအားလုံးကလည်း ဒီအခြေအနေတွေ သိအောင်ဆိုပြီးတော့မှ ကျမတို့တွေက ပညာပေးသွားဖို့ အစီအစဉ်ရှိတယ်လေ၊ ဒါကြောင့်မိုလို့လည်း ဒီလိုခေါ်ပြီးတော့မှ အဲ့လို ပြုလုပ်ခြင်းအားဖြင့် သူတို့အလုပ်လုပ်နေတဲ့ နေရာတွေ မှာရှိတဲ့ ဒီ အမျိုးသမီးတွေနဲ့ရော နောက်တခြားလူထုအသိုင်းအဝိုင်းတွေနဲ့ပါ၊ တွေ့ဆုံပြီးတော့မှ သူတို့က ဒီ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အခြေအနေတွေ သူတို့ပြန်ပြောပြလို့ရမယ်၊ ကျမတို့ ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ လူထုတွေရဲ့အသံကို တကယ်ပဲ ကိုယ်စားပြုပြီးတော့မှ လူထုတွေ အတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်ဖို့အတွက်ကို ကျမတို့ အဲ့ဒါရည်ရွယ်ပါတယ်

၅ ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု နောက်ဆုံးအခြေအနေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခက်ခဲကန့်သတ်မှု အခြေအနေတွေ၊  ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ လုပ်ဆောင်နေမှုတွေကို ဆွေးနွေးကြပြီး အဲ့ဒီအပေါ်မှာ အမျိုးသမီးတွေရဲ့ပါဝင်မှု ဘယ်လိုမျိုးရှိခဲ့ကြတယ်ဆို တာတွေကို လေ့လာသုံးသပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာက တတ်သိပညာရှင်တွေအပါအဝင် အပစ်အခတ်ရပ်စဲရေး ရယူထားကြပြီး ဒီလုပ်ငန်းမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး PNLO အဖွဲ့က နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီက ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က အထွေထွေအတွင်းရေးမှူး ၂ ပဒိုမန်းမန်း စတဲ့ခေါင်းဆောင်တွေ ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ရှေးရှုပြီး အမျိုးသမီးတွေရဲ့ ဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေမှာအခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ နဲ့ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။