ချင်းမိုင်-ဘန်ကောက်ရထားပေါ်မှာ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရ
2024.08.16

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ ဘန်ကောက်ကိုသွားမယ့် ရထားပေါ်မှာ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၃၅ ဦးမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေး သုံးဦး ပါဝင်ပြီး သူတို့ကို စစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားတယ်လို့ Thai PBS သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ချင်းမိုင်မြို့ကနေ ထွက်လာတဲ့ အမြန်ရထား လိုင်းအမှတ် (၁၀၂) ပေါ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ပါလာတယ်လို့ သတင်းရပြီး စစ်ဆေးခဲ့တာလို့ သိရပါတယ်။ စစ်ဆေးချက်အရ အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာပြီး ချင်းမိုင်မှာ ခဏနေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲစားကို ကျပ်ငွေ ၁၂ သိန်းပေးပြီး ဘန်ကောက်ကို အလုပ်လုပ်ဖို့ သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းထားတဲ့သူအားလုံးကို ရဲစခန်းမှာ တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတာကြောင့် ဇွန်လ ၅ ရက်ကနေ သြဂုတ် ၁ ရက်နေ့အထိ နှစ်လအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် (၁၂၁,၂၈၅) စစ်ဆေးခံခဲ့ရပြီး အဲဒီထဲက ၇၂၄ ဦး အရေးယူခံထားရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။