ပုဂံရှေးဟောင်းနယ်မြေမှာ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထား တဲ့ အဆောက်အအုံ ၄၀၀ ကျော်ရှိ
2016.07.31

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်ကို ပုဂံယဉ်ကျေးမှုဒေသ စီမံခန့်ခွဲရေးကော်မတီက စိစစ်အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော် က ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဘယ်လိုဥပဒေတွေနဲ့ အရေးယူမလဲဆိုတာကို ပုဂံယဉ်ကျေးမှုဒေသ စီမံခန့်ခွဲရေးကော်မတီက ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှုး ဦးအောင်ကျော်က ပြောပါတယ်။
"ယဉ်ကျေးမှုဥပဒေပေါ့၊ ၁၉၉၈ ခုနှစ်ကပြထားတဲ့ ယဉ်ကျေးမှုဥပဒေရှိပါတယ်ဗျ၊ နောက်တစ်ခုက လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီရှိပါတယ်ဗျ၊ စည်ပင်သာယာ နယ်နိမိတ်ထဲမှာဆိုရင်တော့ စည်ပင်သာယာ ဥပဒေရှိပါတယ်၊ အဲ့ဒီတော့ ဘယ်ဥပဒေနဲ့ အရေးယူရမယ်ဆိုတာ ကျနော်တို့ စီမံခန့်ခွဲမူကော်မတီရဲ့ အဆုံးအဖြတ်က အရေးကြီးပါတယ်၊ ကျွန်တော်တာဝန်ယူတဲ့ အချိန်ကစပြီးတော့ ဒီကျူးကျော်တွေထပ်ပြီးမတိုးအောင်တော့ ကျွန်တော်တို့ ညွန်းကြားရေးလုပ်တယ်၊ ကျနော်တို့ ကွင်းဆင်းကြည့်တယ်၊ ကျူးကျော်တာနဲ့ တစ်ပြိုင်နက် သတိပေးတားမြစ်တယ်၊ တားမြစ်ပြီးတော့ ဥပဒေအရ အရေးယူဆောင်ရွက်တာတွေရှိပါတယ်၊ အလားတူစွာပဲ ဒီဟိုတယ်ကိစ္စတွေကိုလည်း ဆက်လက်ဆောင် ရွက်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူမယ်ဆိုတာတော့ အကုန်လုံးကို သတိပေးထားပါတယ်"
အလားတူ ခွင့်ပြုချက်မရှိဘဲ ဟိုတယ်နဲ့ တည်းခိုခန်းအဆောက်အအုံ ၁၄၀ ကျော် ဆောက်လုပ်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက် မလဲဆိုတာကို မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေဟာ ၁၀ နှစ်ကျော်နီးပါးကြာမြင့်နေပြီဖြစ်တာကြောင့် နေထိုင်သူတွေ အတွက် ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်တယ်လို့ ဦးအောင်ကျော် က ပြောပါတယ်။
ပုဂံယဉ်ကျေးမှုဒေသ စီမံခန့်ခွဲရေးကော်မတီကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှုးချုပ်၊ ပုဂံဌာနခွဲ တာဝန်ခံနဲ့ ဥပဒေအရာရှိတွေ ပါဝင်ပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်း အဆောက်အအုံ ၁၄ဝ ကျော်နဲ့ နေအိမ်အဆောက်အအုံ ၄ဝဝ ကျော်ကို စိစစ်အရေးယူသွားမယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။