တောင်ဒဂုံက ဦးဝီရသူ တရားပွဲကို ရပ်ကွက်နေ ပြည်သူ ၁၅၀ ကျော် ကန့်ကွက်


2017.04.01
wirathu-620.jpg ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၃ ရပ်ကွက်၊ ဦးဖိုးလှကြီးဘုရားမှာ မတ်လ ၃၁ ရက်နေ့ညက ကျင်းခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲကို တွေ့ရစဉ်
Photo: Htay Hlaing (facebook)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၃ ရပ်ကွက်၊ ဦးဖိုးလှကြီးဘုရားမှာ မနေ့ညက ကျင်းခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဟာ သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တာဖြစ်သလို ရပ်ကွက်နေပြည်သူ အယောက် ၁၅၀ က လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ တရားပွဲဖြစ် တယ်လို့ သိရပါတယ်။

ဦးဝီရသူကို တရားဟောခွင့် ပိတ်ထားတဲ့အကြောင်းကို တရားပွဲမကျင်းပခင်ကတည်းက ပွဲစီစဉ်သူတွေကို ခေါ်ပြီး တားမြစ်ခဲ့ပေမယ့် တရားဟောတာမဟုတ်ဘဲ အပူဇော်ခံဖို့ ကြွတာဖြစ်တယ်လို့ စီစဉ်သူတွေကပြောပြီး ကျင်းပခဲ့ တာဖြစ်ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဆွေက ပြောပါတယ်။

"မနေ့က တရားမဟောခင်အထိ ပထမ ခရိုင်၊ ခရိုင်ပြီးတော့ မြို့နယ်၊ မြို့နယ်ပြီးတော့ ရပ်ကွက်အဆင့်ဆင့် ကနေပြီးတော့ တရားပွဲကျင်းပရေး ကော်မတီအဖွဲ့တွေ အကုန်လုံးကို ဆရာတော်ကို တရားဟောခွင့် ပိတ်ထားတဲ့အကြောင်း၊ ကြိုတင်ပြီးတော့ သူတို့ကိုလည်း အကြောင်းကြားတယ်၊ ပြောပြတယ်၊ မြို့နယ်မှာ လည်း လက်မှတ်ထိုးခိုင်းထားတယ်၊ သူတို့က မဟနတို့၊ သာသနာရေးတို့က ပိတ်တာက တရားဟောခွင့် ကိုပိတ်တယ်၊ သူတို့ကဒါ တရားဟောတာမဟုတ်ဘူး၊ အပူဇော်ခံကြွတယ်တဲ့ ဒီစကားလုံးပဲသုံးသွားတယ်"

အဲဒီတရားပွဲအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ခွင့်ပြုမိန့်တင်ထားတာဖြစ်ပြီး အဲဒီအချိန်က ဦးဝီရသူကို တရားဟောခွင့် မပိတ်သေးတာကြောင့် ခွင့်ပြုပေးခဲ့ပေမယ့် နိုင်ငံတော်သံဃမဟာနာယက က ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်လိုက်တဲ့အတွက် ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း ပြော ပါတယ်။

အဲဒီတရားပွဲကို မကျင်းပဖို့နဲ့ တရားပွဲကို ဦးဝီရသူ ကြွရောက်ခဲ့ရင် အရေးယူပေးဖို့ ရပ်ကွက်နေပြည်သူ အယောက် ၁၅၀ က လက်မှတ်ရေးထိုးထားတဲ့ စာတွေကို တရားပွဲမတိုင်ခင် မတ်လ ၃၀ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ထံ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

မနေ့ညက တရားပွဲမှာ တရားနာပရိသတ် ၄၀၀ နီးပါးရှိခဲ့ပြီး ဦးဝီရသူက ပါးစပ်မှာ တိပ်ကပ်ပြီး ကြွရောက်ခဲ့ကာ ၂ နာရီနီးပါးကြာ တရားခွေဖွင့်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဦးဝီရသူဟာ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က သူ့ကိုတရားဟောခွင့်ပိတ်ထားတဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့တွေမှာ ပါးစပ်ကိုတိပ်နဲ့ကပ်ပြီး တရားပွဲတွေ ကျင်းပခဲ့ပါတယ်။

အဲဒါကြောင့် ဆရာတော် ဦးဝီရသူအနေနဲ့ နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ရှေ့ဆက် မလိုက်နာဘူးဆိုရင် တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း မန္တလေးတိုင်း သံဃာမဟာနာယကအဖွဲ့က ဦးဝီရသူကို ခေါ်ယူအသိပေးထားပြီးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။