ဓါတ်အားပြတ်တောက်မှု ပြည်သူ့ လွှတ်တော် ဥက္ကဌ သတိပေး
2016.05.31

လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သတိချပ်သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က သတိပေးလိုက်ပါတယ်။
လျှပ်စစ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း က ပြည်သူ့လွှတ်တော်မှာ ပြန် လည်ရှင်းလင်းဖြေကြား ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေ တာကို ကာတွန်းတွေနဲ့ ဖော်ပြနေကြောင်း ပြောကြားပြီး သတိပေးလိုက်တာဖြစ်ပါတယ်။
"ဒီနေရာမှာ လျှပ်စစ်နဲ့ ပတ်သတ်ပြီး အနည်းငယ်ရှင်းလင်းလိုပါတယ်၊ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့လည်း ခုဆိုဂျာနယ်တွေမှာပါတဲ့ ကာတွန်းတချို့ကို တွေ့လိမ်မယ်လို့ ယူဆပါတယ်၊ ကာတွန်းတွေက ဘယ်လိုပြောလဲ ဆိုတော့ ဟိုတုန်းကမီးကခဏခဏပျက်တယ်တဲ့၊ ခုတော့ ခဏခဏမလာဘူး၊ ဒါလေးကို လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့ အထူးသတိပြုစေလိုပါတယ်"
ပြည်သူ့လွှတ်တော်မှာ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ အနီးမှာရှိတဲ့ ကျေးရွာတွေ လျှပ်စစ်မီးလုံလောက်အောင် မရတာကို ဖြေရှင်းပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။
အလားတူ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက် က သူ့ရဲ့မဲဆန္ဒနယ်မှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေ တာကြောင့် ရေပြတ်တောက်တာ၊ ရာသီဥတုပူလောင်မှုကို ခံစားနေရပြီး သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးဆိုးရွားမှုတွေ ခံစားနေရကြောင်း၊ လျှပ်စစ်မီး ကြိုးတွေ သွယ်တန်းထားတာ လုံခြုံမှုမရှိတော့တာကြောင့် ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိ၊ မရှိလည်း မေးမြန်းခဲ့ပါတယ်။