လစာ အဆောင်အယောင်တွေအပေါ် သာယာမနေဘဲ ပြည်သူကိုအလုပ်အကျွေးပြုဖို့ သမ္မတတိုက်တွန်း
2018.10.27

နေရာတစ်ခု ရလာချိန်မှာ လစာနဲ့ အဆောင်အယောင်တွေအပေါ် သာယာမနေဘဲ ပြည်သူတွေအတွက် အကောင်းဆုံး အလုပ်လုပ်ပေးကြဖို့ သမ္မတ ဦးဝင်းမြင့် က ဧရာဝတီတိုင်းဒေသကြီးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ သတိပေးလိုက်ပါတယ်။
အရင်စနစ်ကို မကြိုက်လို့တော်လှန်ပြီး စနစ်သစ် တည်ဆောက်ခဲ့ကြရာမှာ မိမိတို့နေရာတစ်ခုရလာတဲ့အခါ သာယာမနေဖို့နဲ့ ပြည်သူတွေအပေါ် မောက်မောက်မာမာ မဆက်ဆံကြဖို့အတွက် တိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုသာမကဘဲ ဌာနဆိုင်ရာတွေကိုပါ တင်းတင်းကျပ်ကျပ် သတိပေးသွားတယ်လို့ ဒီနေ့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ကြံခင်းမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က RFA ကို ပြောပါတယ်။
ဒါ့အပြင် သိမ်းဆည်းခံ လယ်ယာမြေကိစ္စတွေမှာ နစ်နာတဲ့ပြည်သူတွေဘက်က ရပ်တည်ပြီး မှန်မှန်ကန်ကန် ဖြစ်အောင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆောင်ရွက်ပေးကြဖို့ သမ္မတက ပြောကြားခဲ့တယ်လို့လည်း မြောင်းမြမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး က RFA ကို ပြောပါတယ်။
သမ္မတ ဦးဝင်းမြင့် ဟာ ဧရာဝတီတိုင်းဒေသကြီးက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ ပုသိမ် မြို့တော်ခန်းမမှာ ဒီနေ့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့် ဟာ ဧရာဝတီတိုင်း ဓနုဖြူဇာတိဖြစ်ပြီး ပုသိမ်မြို့မှာ အထက်တန်းပညာ သင်ယူခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ပုသိမ်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူအနေနဲ့ သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ပုသိမ်မြို့ကို ပထမဆုံးအကြိမ်အဖြစ် လာရောက်တာလည်း ဖြစ်ပါတယ်။