ကျိုက်ထိုက စစ်ကောင်စီ အကျဉ်းဦးစီးဌာန အရာရှိ အသတ်ခံရ
2024.05.03

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေး (ရွှေဖြူ) အကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ ဧပြီလ ၂၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) က မေလ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ ဦးစင်းအောင်(ခ) ဦးဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မရွာက သူနေထိုင်ရာအိမ်မှာပဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်း ကတော့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေကိုစုံစမ်းပြီး သတင်းပေးတာတွေလုပ်ခဲ့လို့ ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“သူက သတင်းပေးတာရှိတယ်။ ထောက်ပို့တချို့ရဲ့ သတင်းတွေကိုယူပြီး ဖမ်းခိုင်းတာရှိတယ်။ ဒေသခံတွေ အပေါ်လည်း အနိုင်ကျင့်တာရှိတယ်။ သူတာဝန်ယူရာ အကျဉ်းဦးစီးဌာနမှာလည်း အကျဉ်းသားတွေကို ဖိနှိပ်တာရှိတယ်”
ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ဗိုလ်ကြီးအဆင့်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာသူဖြစ်တယ်လို့ သူက ပြောပါတယ်။
သူ့ကို ပစ်ခတ်ခဲ့ပြီးနောက် ပစ်စတို သေနတ်တစ်လက်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကတ်ပြားနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းကတ်ပြားတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကိုလည်း ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။