၃ ရက်အတွင်း အချိန်အခါမဟုတ်ဘဲ မိုးထစ်ချုန်းရွာပြီး လေပြင်း တိုက်ခတ်နိုင်
2017.03.30

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ သုံးရက်အတွင်း အချိန်အခါမဟုတ်ဘဲ မိုးထစ်ချုန်းရွာတာ၊ လေပြင်းတိုက်ခတ် တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ကြေညာ ထားပါတယ်။
ဒီလိုကာလတွေမှာ ဖြစ်တတ်တဲ့ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ စတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်နိုင် လို့ ပြည်သူတွေ သတိပြုဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နေ့အပူချိန်တွေ မြင့်တက်လာတယ်၊ ဒါပေမဲ့ ဒီတစ်ရက်နှစ်ရက် ပြန်ကျတယ် ၊ ဒီကာလတွေ ဧပြီလဆိုတာ မိုးကြိုကာလထဲမှာလည်းပါတယ်၊ဒီကာလတွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ် တတ်တဲ့ အတွက်ကြောင့် မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ ၊လေပြင်းကျတဲ့ဖြစ်စဉ်တွေ မိုးသီးကြွေတဲ့ဖြစ်စဉ်တွေက ဒီကာလတွေမှာ ဖြစ်တတ်တယ်၊ မိုးရွာတာနဲ့အတူ ဒီလိုဖြစ်စဉ်တွေပါလာနိုင်တာကြောင့် ပြည်သူလူထုတွေ အနေနဲ့ သတိပြုဖို့လိုပါတယ်"
ဒီကနေ့ ညနေကနေ လာမယ့် ၃ ရက်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးထစ်ချုပ်ရွာတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ တို့ ဖြစ်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်ချိန်မှာ တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် လာမယ့် တစ်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ရန်ကုန်အပါအဝင်နေရာဒေသအချို့မှာ နေ့အပူချိန်မြင့်တက်ပြီး မိုးတိမ် တောင်တွေဖြစ်ပွားကာ လေပြင်းတိုင်ခတာ၊မိုးသီးကြွေတာ၊နေရာကွက်ကြား မိုးကြီးတာတွေကြောင့် သစ်ပင်တွေပြိုလဲတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိခဲ့တာဖြစ်ပါတယ်။