ကောလင်းမှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး

RFA Burmese
2023.12.28
ကောလင်းမှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး ကောလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကတွေ့ရစဉ်။
ပြည်သူမှ ပြည်သူသို့-ကောလင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်ကို ဒီဇင်ဘာ ၂၈ ရက်မှာ လက်နက်ကြီး ကျရောက်ပြီး ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းတို့ သေဆုံးခဲ့တာဖြစ်ပြီး ဘုန်းကြီးတစ်ပါးနဲ့ ကလေးနှစ်ဦးရဲ့ မိခင်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးက လေးနေရာ၊ လေးလုံး ကျခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာနေတဲ့ ဆရာတော်ရယ်၊ ကပ္ပိယ ဦးကျော်ဝင်းတို့က တစ်နေရာထဲမှာပါဗျ။ မြို့ထဲတွေချည်းပဲဗျ”

ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ် ဆယ်နာရီခွဲကနေ ၁၁ နာရီခွဲအတွင်း လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို NUG နဲ့ KIA ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီလို့ ကြေညာထားတာပါ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကောလင်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံ မြို့တွေကနေ ဒီဇင်ဘာ ၂၈ ရက် ညနေ ခြောက်နာရီမတိုင်ခင် ပြည်သူတွေ ထွက်ခွာဖို့ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။