သရက်ချောင်းမှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး
2024.07.21
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာမှာ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၆၀ အရွယ် ညောင်ဇင်ရွာခံ ဦးမျိုးလွင် သေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲတွေမရှိဘဲ လူနေရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ ဦးမျိုးလွင်ရဲ့ အိမ်နောက်ဘက် ခြံဝင်းထဲကျပြီးတော့ ဦးမျိုးလွင်က အိမ်နောက်မှာ နွားစာကျွေးနေတဲ့အချိန် လက်နက်ကြီးကျပြီး ထိမှန်သေဆုံးသွားတာ။ ဝမ်းဗိုက်ကျည်စထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားတာ”
လက်နက်ကြီး ပစ်ခတ်မှုကို မြိတ်- ထားဝယ် ကားလမ်းက ရွှေဂူတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တာလို့ သူက ပြောပါတယ်။
ဒီကိစ္စပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မောင်နှမ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိနေပါတယ်။