ICJ မှာ အမှုရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေကျင်းပ
2019.12.10

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အမှုသွားရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေကို ရန်ကုန်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ အခြားမြို့တွေမှာ ဒီနေ့တပြိုင် တည်း ကျင်းပခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အမှုသွားရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို ရန်ကုန်တိုင်း ခရိုင်လေးခုမှာ နေထိုင်သူ သုံးထောင်ကျော် လောက်ဟာ သက်ဆိုင်ရာနေရာတွေကနေ ဆူးလေးထိ လမ်းကြောင်း လေးခုနဲ့ ချီတက်လမ်းလျှောက်ခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံအတွက် နယ်သာလန်နိုင်ငံမှာ အမှုရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းကို လည်း ကြွေးကြော်ခဲ့ကြပါတယ်။
ဒီနေ့ထောက်ခံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပြီး ဘာသာ ပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေက ဒီနေ့ထောက်ခံပွဲပြုလုပ်ရတဲ့ အကြောင်းတွေကို ဟောပြောကြသလို ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို ICJ တရားရုံးမှာ ဒီနေ့စတင်ကြားနာနေပြီဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း တရားရုံးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လာရောက်ထောက်ခံသူတွေထဲမှာ စွပ်စွဲချက်တွေ၊ နိုင်ငံတွေကို မသိပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သာ ထောက်ခံတာဖြစ်တယ် လို့ ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းတာကို တပ်မတော်သားဟောင်းတစ်ဦးအနေနဲ့ ကြိုဆိုပေမယ့် အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေက ခေါင်းရှောင်နေတယ်လို့ ဒီနေ့ထောက်ခံပွဲ ရောက်လာတဲ့ ဦးဇော်ဟိန်းက ပြောပါတယ်။
ပြည်သူအများစုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံမှုတွေ ရှိနေကြပါတယ်။
ဒီနေ့ထောက်ခံပွဲ အခမ်းအနား ကျင်းပနေချိန်မှာပဲ အဲဒီနေရာအနီးမှာ လူငယ်အချို့က လူမျိုးတုံးသတ်ဖြတ်မှုကို မလိုလားဘူးဆိုတဲ့လှုပ်ရှားမှု ပြုလုပ်တာကိုတွေ့ခဲ့ရပြီး အမှန်တကယ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာ မရှိဘူးဆိုတဲ့ ငြင်းဆိုချက်ကို မထောက်ခံကြောင်း လက်ကမ်းစာစောင်တွေဝေငှခဲ့ပါတယ်။
လှုပ်ရှားမှု ပြုလုပ်ရာမှာပါဝင်ခဲ့တဲ့ လူ့ဘောင်သစ်လူငယ် အဖွဲ့က ကိုဇင်လင်းက ထောက်ခံပွဲတွေပြုလုပ်တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြိုဆိုပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ထောက်ခံပွဲမှာ အစိုးရဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ပထမဆုံးကြားနာနေပြီး ဒီဇင်ဘာ ၁၁၊ ၁၂ ရက်တွေမှာလည်း ဆက်လက်ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။