ဖရူဆိုမြို့ ဆိုသယ်ဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရ

RFA Burmese
2022.12.22
ဖရူဆိုမြို့ ဆိုသယ်ဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတစ်ခုမှာ သောက်သုံးရေအတွက် ပြင်ဆင်နေကြစဉ်။
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက လူဦးရေ ၁၇၀၀ လောက်နေထိုင်တဲ့ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ ရေရှားပါးတဲ့ တောင်ကုန်းတွေပေါ်မှာ တည်ရှိပြီး ဖရူဆိုဘက်က ပိုက်နဲ့ လာတဲ့ရေကို အဓိက အားထားကြရတာ ဖြစ်ပါတယ်။

ရေပိုက် ပျက်ဆီးတာတွေရှိတဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းကစလို့ ဒုက္ခသည်စခန်းကို ရေမရောက်ဘဲဖြစ်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

"အဲဒီနေရာတွေက အရင်တုန်းကတည်းက ရေက ရှားတာပေါ့နော်။ ရေရှားတယ် ဆိုပေမယ့် အရင်တုန်းက ကိုယ့်ရွာနဲ့ကိုယ်ဆိုတော့ ကိုယ့်ရေတွင်းနဲ့ ရေစုကန်နဲ့ဆိုတော့ အဆင်ပြေတယ်ပေါ့။ အခုတော့ စစ်ဘေးရှောင်တွေက တောင်ပေါ်ဘက်ကို တက်သွားတာပေါ့နော်။ သူတို့အတွက် လုံခြုံတယ်ဆိုပေမယ့် ရေက အတော်လေး ရှားတာပေါ့"

သောက်သုံးရေရရှိဖို့အတွက် နာရီနဲ့ ကြာအောင် သွားရောက်သယ်ဆောင်ကြရပြီး မူလကတည်းက ရေအရင်း အမြစ် ရှားတဲ့ဒေသဖြစ်လို့ လိုသလောက်မရဘဲ အကန့်အသတ်နဲ့ သာသုံးနေကြရတယ်လို့လည်း သူက ဆိုပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့သူ ရှစ်သောင်းလောက်ရှိပြီး အများစုက ဖရူဆို အရှေ့ဘက်နဲ့ အနောက်ဘက်က တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဖရူဆိုအနောက်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေဟာ တောင်ပေါ်မှာရှိတာကြောင့် သောက်သုံးရေ အခက်အခဲကို အဓိကရင်ဆိုင်နေကြရတယ်လို့ ဖရူဆိုမြို့ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ လိုက်လံ လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

အရင်နှစ်တွေကတော့ အဲဒီဒုက္ခသည်စခန်းတွေအတွက် အလှူရှင်တွေက သောက်သုံးရေ လာရောက်လှူဒါန်းတာရှိပေမယ့် ဒီနှစ်မှာတော့ တိုက်ပွဲတွေပြင်းထန်တာကြောင့် သောက်သုံးရေ အလှူရှင်တွေ မလာနိုင်မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ညွှန်ကြားရေးမှူး ကိုဗညားကတော့ လက်ရှိ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ သောက်သုံးရေဖူလုံရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ကိုင် နေပြီလို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် နှစ်သိန်းဝန်းကျင်ရှိနေပြီး အများစုက ဖရူဆိုမြို့နယ်မှာ နေထိုင်ကြတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။