ဒေသန္တရအမိန့်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရတဲ့ ဝါးခယ်မ လယ်သမားတွေ အာမခံလျှောက်ခွင့်ရ
2021.01.06
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က စီမံကိန်းတူးမြောင်းတစ်ခုရဲ့ အတားအဆီးတွေကို ဖယ်ခဲ့တဲ့ လယ်သမား ၃၂ ဦးကို ဝါးခယ်မမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဒေသန္တရထုတ်ပြန်ချက် ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့် တရားစွဲ ထားပါတယ်။
အဲဒီအမှုကို ဝါးခယ်မမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးချိန်းခေါ်ယူခဲ့ပြီး လယ်သမားတွေကို အချက်အလက် အစုံအလင်နဲ့ အာမခံလျှောက်ထားခွင့် ပေးမယ်လို့ တရားရုံးက ပြောပါတယ်။
အမှုရင်ဆိုင်တဲ့ ပထမဆုံးရုံးချိန်းမှာ အာမခံရဖို့ ကြိုးစားနေတယ်လို့ ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံနေရတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဒေါ်သန်းသန်းမိုး က ပြောပါတယ်။
"အာမခံပေးတယ်၊ ကျွန်မတို့ကို။ ကိုယ်ပိုင်ခံဝန် ကျွန်မတို့ အရင်ဆုံး လျှောက်ကြည့်ပါတယ်။ ဘာလို့လဲဆိုတော့ လာရသွားရတာ အာမခံတဲ့ လူများတော့ အဆင်မပြေဘူးလေ။ လုပ်ငန်းအချိန်လည်း ဖြစ်နေတော့ လယ်တွေ ကြဲပက်နေတဲ့အချိန် မအားကြတော့ ကိုယ်ခံဝန်လျှောက်တာ အာမခံတင်တဲ့။ ကျွန်မတို့က အာမခံ မလုံလောက်လို့ ကိုယ်ပိုင်ခံဝန် လျှောက်တာ အာမခံတင်ဆိုတော့ ကျွန်မတို့ပါတဲ့လူတွေနဲ့ပဲ အာမခံ လုပ်နေပါတယ်"
တရားစွဲခံရတဲ့ လယ်သမား ၃၂ ဦးထဲက ၁၃ ဦးသာ ဒီနေ့ အာမခံ ရရှိခဲ့ပါတယ်။ ကျန်တဲ့ ၁၉ ဦး က ကိုယ်ပိုင်ခံဝန်နဲ့ အာမခံ လျှောက်ထားခဲ့ပေမယ့် မရခဲ့ဘဲ မနက်ဖြန်မှာ သက်သေအထောက်အထား ပြည့်စုံအောင်လုပ်ပြီး လာရောက်လျှောက်ထားဖို့ မြို့နယ်တရားသူကြီးက ပြောလိုက်ကြောင်း လယ်သမား အရေးဆောင်ရွက်နေတဲ့ ဒေါ်သန်းသန်းမိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က စီမံကိန်းတူးမြောင်းတစ်ခုရဲ့ အတားအဆီးတွေကို လယ်မြေတွေ ရေသွင်းလို့ရအောင် ဖယ်ရှားခဲ့လို့ ဒီဇင်ဘာ လလယ်ပိုင်းမှာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက တရားစွဲဆိုတာကို လယ်သမားတွေ ခံခဲ့ရတာပါ။
တရားစွဲဆိုခံရတဲ့ လယ်သမား ၃၂ ဦးလုံးက အာမခံရရှိဖို့ ရုံးချိန်းကို တက်လာတဲ့သူတွေနဲ့ အာမခံရဖို့ အချက်အလက်တွေ တင်ပြသွားမယ်လို့ တရားစွဲခံထားရသူ တစ်ဦးဖြစ်တဲ့ မနန်းတုပ်ကျေးရွာ ရာအိမ်မှူး ဦးချစ်ဆံ ကပြောပါတယ်။
"ကျနော်တို့ကို အာမခံတဲ့သူ နှစ်ဦးရယ်၊ အတိုင်ခံရတဲ့သူရယ် ပူးတွဲစာ သူ့ဆီမှာ တင်ရမယ်"
အာမခံလျှောက်ဖို့ ရှင်းပြထားပြီး လယ်သမားတွေကလည်း ဆောင်ရွက်နေတယ်လို့ ဝါးခယ်မမြို့နယ် တရားသူကြီး ဒေါ်အေးမြတ်မွန်က ပြောပါတယ်။
"အာမခံ မပေးရသေးဘူး။ လျှောက်တုန်း။ အပြစ်ရှိတယ်ဆိုရင်တော့ ချက်ချင်းအမိန့်ချရတယ်။ သူတို့က ငြင်းတဲ့ အတွက် သူတို့ ကို အခွင့်အရေးပေးထားတာ အခုက လျှောက်ဖို့ ပြင်ဆင်နေပြီ။ အာမခံနဲ့ ပတ်သက်လို့ကလည်း ဘယ်လိုတွေ လျှောက်ရမယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဘယ်လိုစည်းကမ်းချက်တွေ ရှိတယ်ဆိုတာလည်း ကျွန်မ လူတိုင်းကို သေသေချာချာ ရှင်းပြပြီးပြီ။ အခု သူတို့လျှောက်ဖို့ ဆောင်ရွက်နေပါတယ်။ အခုအခြေအနေမှာ”
ပုဒ်မ ၁၈၈ နဲ့ စစ်ဆေးရာမှာ ဒုတိယအပိုဒ်နဲ့ စစ်ဆေးနေတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခြောက်လ ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ မြို့နယ်တရားသူကြီး ဒေါ်အေးမြတ်မွန်က ပြောပါတယ်။
လယ်သမားတွေကို အမှုဖွင့်ထားတဲ့ ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်ကတော့ ဒေသန္တရ အမိန့်ကို ချိုးဖောက်တာကြောင့် လယ်သမားတွေကို အရေးယူတာဖြစ်ပြီး တရားရုံးက တရားလိုဘက်ကို ဆင့်ခေါ်တာမရှိသေးလို့ ဒီနေ့ရုံးချိန်းကို မတက်ခဲ့ဘူးလိုပြောပါတယ်။
တူးမြောင်းထဲက အတားအဆီးတွေကို ဖယ်ရှားခဲ့တဲ့ထဲက ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေပါဝင်တဲ့ ရွာသားခြောက်ဦးကို အင်းလုပ်ငန်းရှင်ကလည်း ခိုးမှု ပုဒ်မ ၃၇၉၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။