အပစ်ရပ်မူကြမ်း စည်းဝေးပွဲ UWSA တက်မည်


2014.04.01
wa-ushweman-305.jpg ဝ၊ မိုင်းလားနဲ့ ရှမ်းလက်နက်ကိုင် ကိုယ်စားလှယ်များနဲ့ သူရဦးရွှေမန်းတို့ မေလ ၃ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံစဉ်
photo: Win Naung Toe, Myo Thet Khaing

ရန်ကုန်မြို့ MPC ရုံးမှာ ကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရေး အစည်း အဝေးကို တက်ရောက်ဖို့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့ ခေါင်းဆောင်တွေ ဆုံးဖြတ် လိုက်ကြောင်း သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် က တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲရေးအစည်း အဝေးတက်ရောက်ဖို့ မတ်လ ၂၈ ရက်နေ့က တရားဝင်စာနဲ့ အကြောင်းကြားခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ UWSA အဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကို  ပြောဆိုပါတယ်။

"ဦးသိန်းဇော်ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ဖိတ်တာပါ။ ၅ ရက် ၆ ရက်နေ့ ရန်ကုန်မှာ အစည်းအဝေး အစည်းအဝေး တက်ဖို့ဖိတ်တာ ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အစ အစည်းအဝေးတွေလဲ သိပ်ပြီတော့ သွားတာ လာတာ တက်တာသိပ်မရှိဘူး၊အခုလိုရှင်းရှင်းပေါ့နော် နိုင်ငံတော်ကဖိတ်တယ် အစည်းအဝေး က ဘာအစည်းအဝေးလုပ်မယ် ဘာအကြောင်းအရင်း ဒီကိစ္စတွေ အတွင်းသဘောတွေ ရှင်းပြတယ် ဆိုတော့ ကျွန်တော်တို့လည်း ရှင်းပါတယ်။ ဒါကြောင့်မို့ တက်ဖို့ဆုံးဖြတ်ထားတယ်၊ သွားဖို့လည်းရှိတယ် လို့ ပြောချင်ပါတယ၊် ဦးဆောင်တာကတော့ ကျွန်တော်တို့ ပြည်ပဆက်ဆံရေးဌာန ကြီးမှူးပြီးတော့ ၇ ယောက်တက်မယ်"

အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းရေးဆွဲရေး အစည်းအဝေးမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA အဖွဲ့အနေနဲ့ ဆွေးနွေးတင်ပြဖို့ အချက်တချို့ ပြင်ဆင်ထား တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ အပစ်အခတ် ရပ်စဲ ရေး စာချူပ် မူကြမ်း အပါအဝင် ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ UWSA ခေါင်းဆောင်တွေ နဲ့ မတ်လ ၂၂ ရက်နေ့က ချိန်းဆိုခဲ့ပေမဲ့၊ ရာသီဥတူအခြေအနေကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး၊ စာနဲ့သာ ရှင်းလင်း တင်ပြခဲ့ရတယ်လို့လည်း သိရပါတယ်။

UWSA ဝ တပ်ဖွဲ့ဟာ ၁၉၈၉  ခုနှစ်မေလမှာ နဝတ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီး ၊ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်တောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။