"ဝ"ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆို
2013.05.28

ဝတိုင်းရင်းသားအဖွဲ့တွေက သူတို့အတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကနေ "ဝ"ပြည်နယ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ လွှတ်တော်မှာ အမတ်နေရာတချို့ရထားတဲ့ "ဝ"ဒီမိုကရက်တစ်ပါတီတို့က တောင်းဆိုလိုက်ကြ တာပါ။
UWSA လားရှိုးရုံးတာဝန်ခံ ဦးတုန်ဆန်းက မိမိတို့အတွက် ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုစေချင်တယ်လို့ ဘာသာရေးပွဲတစ်ခုမှာ လူထုကိုပြောဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
"ဝ"ဒီမိုကရက်တစ် ပါတီအမတ် ဦးစိုင်းပေါင်းနပ်ကလဲ "ဝ"ပြည်နယ်ဆိုတာ အင်္ဂလိပ်အုပ်ချုပ်တဲ့ ကာလကတည်းကရှိခဲ့တာလို့ ပြောပါတယ်။
"ကျနော်တို့ ဝတိုင်းရင်းသားတွေအနေနဲ့ တောင်းတာပေါ့၊ နိုင်ငံတော် အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုရင်လည်း ကျနော်တို့ အရေးဆိုဖို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဝတိုင်းရင်းသားလည်းဖြစ်တဲ့ ကျနော်တို့တော့တောင်းတာပဲ၊ တောင်းတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်က အိန္ဒိယနဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရှိခဲ့စဉ်ကတည်းကပေါ့လေ ဝကသီးခြားပြည်နယ်တစ်ခုပဲ၊ ဒါကြောင့် ဝတွေကဒီနေ့အထိ သူများတွေပြည်နယ်ရှိကြတယ်၊ တို့မရှိဘူးဆိုပြီးတော့မှ အဲလိုခံယူကြတယ်၊ UWSA ကတော့ အခုတောင်တောင်းနေပြီ"
ဒါကြောင့် "ဝ"ပြည်နယ်အဖြစ် သီးခြားသတ်မှတ်လာအောင် တောင်းဆိုသွားမှာဖြစ်သလို ဒါဟာ မြန်မာနိုင်ငံကနေ ခွဲထွက်ဖို့ဆောင်ရွက်တာမဟုတ်ဘူးလို့ ဦးစိုင်းပေါင်းနပ်က ပြောပါတယ်။
“ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်မယ်ဆိုတာတော့ လုံးဝမဖြစ်ဘူး၊ တစ်ခုသိထားဖို့က အခုမြန်မာပြည်မှာ ဖယ်ဒရယ်မူနဲ့အုပ်ချုပ်ဖို့ နိုင်ငံတော်အစိုးရက သဘောတူတယ်၊ ပြည်ထောင်စုဆိုရင်လည်း ဒီအတိုင်းပဲ၊ သီးခြားပြည်နယ်တစ်ခုအဖြစ်တော့ သတ်မှတ်ပေးဖို့လိုမယ်ဆိုတာကိုတော့ အားလုံးကတညီတညွှတ်တည်း ထောက်ခံကြတယ်”
"ဝ"တိုင်းရင်းသားဒေသကို "ဝ"ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ စတဲ့အချက် ၂ ချက်အပါအဝင် စုစုပေါင်း ၁၀ ချက်ကျော်ကို ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် အထူးဒေသ ၂ မှာ "ဝ"ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တာလို့ အမည်မဖော်လိုတဲ့ UWSA အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ ဝ-အရာရှိတစ်ဦးက ပြောပါတယ်။
သူတို့တောင်းဆိုချက်တွေကို လွှတ်တော်မှာ ဆွေးနွေးဖို့တင်ပြပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားတယ်လို့လည်း သိရပါတယ်။