သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိထားရမယ့် ဒေသတွေရှိတယ်လို့ ဝန်ကြီးချုပ် ပြော
2018.10.19

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ရာသီအလိုက် စိုးရိမ်ရတဲ့ဒေသတွေရှိတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာဆိုရင် အခုလို ကာလမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး သပိတ်ကျင်း၊ စဉ့်ကူးနဲ့ ရမည်းသင်းဒေသတွေက စိုးရိမ်ရတယ်လို့ ဒီနေ့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။
အရင်ခေတ်အဆက်ဆက်က သစ်တော သစ်ပင်တွေကိုခုတ်၊ တရုတ်ကို ရောင်းချခဲ့ကြတဲ့ဒဏ်ကို အခုအချိန်မှာ ခံစားနေကြရပြီး မိုးများပြီးရေကြီးတာ၊ တံတားတွေ ပျက်စီးတာနဲ့ လူတွေထိခိုက်တာ၊ ငလျင်ဒဏ်နဲ့ ဆည်တွေနဲ့ ပတ်သက်လို့ နေ့စဉ်ရေအမှတ် တောင်းရတာတွေရှိတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ သဘာဝဘေးဒဏ် ခံစားနေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတာကြောင့် သစ်ပင်စိုက်ပျိုးတာတွေကို အပေါ်ယံ အပြသဘောမျိုးမလုပ်ဘဲ အသိပညာပေးတာတွေကို ပြည်သူတွေ ရင်ထဲ ထိရောက်အောင် လုပ်သင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်း၊ အမျိုးသားအဆင့် ၂၀၁၈-၂၀၃၀ အတွက် လုပ်ဆောင်မယ့် အပြီးသတ်မူကြမ်းကို ရေးဆွဲထားပြီးဖြစ်တဲ့အတွက် သမ္မတရုံးကို တင်ပြထားပြီးဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။