သဘာဝဘေးအန္တရာယ်ကြောင့် နှစ်ပတ်အတွင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

2022.04.29
သဘာဝဘေးအန္တရာယ်ကြောင့် နှစ်ပတ်အတွင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီး ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် နမ့်ဝေါင်းရွာက လေပြင်းတိုက်လို့ ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အချိန်နှစ်ပတ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ခြေ ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာပေါင်း ၂၂ ရွာမှာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် အထက်တန်းကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မိုးသက် လေပြင်းကြောင့် ဇီးဖြူကုန်းကျေးရွာက အိမ်ခြေ ၂၀ ခန့်နဲ့ ဈေးဆိုင်တွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာလည်း လေပြင်း တိုက်ခတ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ အိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ရပါတယ်။ ထိခိုက်မှု အသေးစိတ်ကိုသိရဖို့ မိတ်ဖက်အဖွဲ့တွေက ဆောင်ရွက်နေဆဲ လို့လည်း UN OCHA က ဆိုပါတယ်။

လေဘေးသင့် မိသားစုတွေဟာ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဘာသာရေး အဆောက်အအုံတွေနဲ့ ဆွေမျိုးသားချင်းတွေဆီမှာ နေထိုင်နေတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လေဘေးသင့် အိမ်ထောင်စုတွေအတွက် ငွေကြေးနဲ့ အိမ်ထောင်စုသုံး ပစ္စည်းတွေကို ထောက်ပံ့ကူညီထားပြီးဖြစ်သလို အခြားလေဘေးသင့် ဒေသတွေမှာလည်း ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ဖို့ ထိခိုက်ပျက်စီးမှု အခြေအနေ တွေကို အကဲဖြတ်နေတယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲမှာပဲ သဘာဝ ဘေးအန္တရာယ်ကြောင့် ပဋိပက္ခဒဏ် သင့်သူတွေဟာ ပိုပြီးဒုက္ခရောက်ကြရတယ်လို့ UN OCHA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။