VOM သတင်းဌာန ယာယီရပ်နားဖို့ ဆုံးဖြတ်

2021.12.24
VOM သတင်းဌာန ယာယီရပ်နားဖို့ ဆုံးဖြတ် မန္တလေးအခြေစိုက် Voice of Myanmar ရုံးခန်းကို ၂၀၂၁ မတ် ၃၁ ရက်က တွေ့ရစဉ်
Photo - Citizen Journalist

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနကို အခု ဒီဇင်ဘာလကုန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ကစပြီး ယာယီရပ်နားသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုတွေရှိနေသလို အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင် လာရတာကြောင့် ယာယီရပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ VOM သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းက RFA ကို ပြောပါတယ်။

အခုအချိန်ဟာ သတင်းမီဒီယာသမားတွေ အားလုံးအတွက် အကာအကွယ်မဲ့နေတဲ့ အခြေအနေဖြစ်နေလို့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက် စောင့်ကြည့်ချင်တာကြောင့်လို့လည်း ဦးနေမျိုးလင်း က ဆိုပါတယ်။

VOM သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းနဲ့ သတင်းထောက်တစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း ကစပြီး စစ်ကောင်စီရဲ့ အချိန်နှစ်လကျော်ကြာ ဖမ်းဆီးစစ်ဆေးမှုကိုခံခဲ့ရပါတယ်။

VOM သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒီနေ့အချိန်အထိ သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ကိုးခု လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရသလို သတင်းသမား ၅၃ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။