ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။

2012.08.22

ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကုမ္ပဏီထွက် Beetle, Golf နဲ့ Passat ကားမော်ဒယ်တွေနဲ့ လူသိများပါတယ်။ ကုမ္ပဏီဟာ နှစ်စဉ် ကားအစီးရေ ၄ သန်း ပျမ်းမျှ ရောင်းချနေရပါတယ်။

တချိန်ထဲမှာပဲ တောင်ကိုးရီးယား ကားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Hyundai နဲ့ Kia ကားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ဒိုင်းမွန်းစတားကုမ္ပဏီကို ဒေသတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးနေကြောင်းနဲ့ ကားအသစ်တွေ တင်သွင်းမှာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒိုင်းမွန်းစတား ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဂျပန်နဲ့ တောင်ကိုးရီးယားက ကားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအစာ၊ ဆေးဝါး၊ ဓာတ်မြေသြဇာနဲ့ Shopping Mall မှာ ရောင်းချတဲ့ ပစ္စည်းတွေကို တင်သွင်း၊ တင်ပို့တဲ့လုပ်ငန်း လုပ်ကိုင်ပြီး မကြာသေးခင်ကပဲ အမေရိကန် အချိုရည် Pepsi ကုမ္ပဏီရဲ့ အရောင်း ကိုယ်စားလှယ် ဖြစ်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။