အင်တာနက်မှ VOIP တယ်လီဖုန်း ဆက်သွယ်မှုကို တားမြစ်

မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် ပြည်ပနိုင်ငံတွေက တယ်လီဖုန်းတွေဆီ ဈေးသက်သက်သာသာနဲ့ ခေါ်နိုင်ခွင့်ကို သက်ဆိုင်ရာက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

2011.03.16
internet_cafe_computer_305_z.jpg မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ကွန်ပျူတာ အသုံးပြုနိုင်သူနှင့် နေအိမ်တွင် အင်တာနက် ဆက်သွယ်မှု ရှိသူ လွန်စွာ နည်းပါးပြီး အများစုမှာ ဤကဲ့သို့ အင်တာနက်ကဖေးမှ ကွန်ပျူတာဖြင့်သာ အင်တာနက် ဝင်ရောက် အသုံးပြုနိုင်ကြပါသည်။ (Photo: RFA/Tyler Chapman)
(Photo: RFA/Tyler Chapman)

အဲဒီ ညွှန်ကြားစာမှာ အင်တာနက်ကနေတဆင့် VOIP ခေါ်ဆိုမှုများ မပြုလုပ်ကြရန် ကြိုတင် အသိပေး အကြောင်းကြားခြင်းလို့ ဖော်ပြထားပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ညွှန်ကြားလာတဲ့အတွက် အခုလို ကြိုတင် အကြောင်းကြားတာလို့ စာထဲမှာ ဖော်ပြထားပါတယ်။ ဒီကြေညာစာကို မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်းရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်း က လက်မှတ် ရေးထိုးထားပြီး၊ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။

မြန်မာအင်ဖိုတက်ခ်က အခုလို ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို တိတိကျကျ ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေကြားမှာ အခက်အခဲ တော်တော် ဖြစ်သွားမယ်လို့ ရန်ကုန်မြို့ခံတဦးက RFA ကို ပြောပါတယ်။

“အဲလိုဆိုရင်တော့ အင်တာနက်ဆိုင်တွေရဲ့ စီးပွားရေးက အရမ်းကို ထိခိုက်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ဆိုင်တွေက အဲဒါတွေနဲ့ပဲ လုပ်နေရတာ။ Account အရောင်းအဝယ် ဆိုတာလေ စင်ကာပူကနေ ဒီ Pfingo တို့ ဘာတို့တွေကို အရောင်းအဝယ်တွေလေ၊ ၈ နာရီတို့၊ ၁၀ နာရီတို့ ကျွန်မက အဲဒါကို account အတွက် ပတ်စ်ဝတ်ဒ်နဲ့ သွင်းထားပြီးတော့ ကိုယ်က ကုမ္ပဏီရဲ့ ကြားခံပြီး ရောင်းပေးလိုက်ပြီးတော့ ကျွန်မက အဲဒါနဲ့ တကမ္ဘာလုံးကို ဖုန်းခေါ်ဖို့ Pfingo account နဲ့။”

ကမ္ဘာတဝန်း အင်တာနက် သုံးစွဲသူတွေဟာ ကိုယ့်ကွန်ပျူတာကနေ အသိမိတ်ဆွေရဲ့ ကွန်ပျူတာကို skype, gtalk, Pfingo, VZO စတဲ့ အင်တာနက် ဝန်ဆောင်မှုစနစ်တွေကတဆင့် တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားပြောနိုင်သလို၊ တယ်လီဖုန်းဆီကိုလည်း ခေါ်ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် တယ်လီဖုန်းခေါ်တဲ့အခါမှာ အမေရိကားကို ခေါ်ရင် တမိနစ်ကို ၁၅၀ ကျပ်၊ စင်ကာပူနိုင်ငံက ဖုန်းကိုခေါ်ရင် ၅၀ ၊ စသဖြင့် ပြည်သူတွေအနေနဲ့ အဝေးရောက် မိသားစုတွေဆီ ဈေးသက်သက်သာသာ ခေါ်နိုင်တဲ့ အခြေအနေ ဖြစ်တာလို့ သိရပါတယ်။ အင်တာနက် ကဖေးဆိုင် ဖွင့်ထားသူတွေကလဲ ဒီကိစ္စနဲ့ပဲ၊ ဆိုင်လုပ်ငန်း ဝင်ငွေရနေကြတာလို့ ဆိုပါတယ်။

အင်တာနက်နဲ့ပတ်သက်ပြီး ထိန်းချုပ်ထားတာ၊ နိုင်ငံရေးနဲ့ ဆိုင်တ ဲ့ဝက်ဘ်ဆိုက်တွေ ကြည့်လို့ မရအောင် ပိတ်ထားတာ၊ ဘလော့ဂါတွေကို ထောင်ချထားတာတွေကြောင့် မြန်မာစစ်အစိုးရကို ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အက်တာနက်ရဲ့ ရန်သူအဖြစ် စာရင်းသွင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။