ကာကွယ်ရေးစက်ရုံ လက်နက်စမ်းသပ် ဒေသခံတွေ ထိတ်လန့်
2015.06.02

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှာရှိတဲ့ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။
ဒေသခံတွေကို အသိမပေးဘဲ လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတာဖြစ်တဲ့အတွက် အပြင်ထွက်ရမှာ ကို ကြောက်ရွံံ့နေကြတယ်လို့ စေတုတ္တရာမြို့နယ် အမှတ် ၂ရပ်ကွက်က ဦးစိန်မောင်က ပြောပါတယ်။
" စေတုတ္တရာမြို့နယ်မှာ ဆောက်လုပ်နေတဲ့ ကပစ ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်ကြီးတွေ စမ်းသပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူလူထုကို အကြောင်းမကြား အသိမပေးဘဲနဲ့ စမ်းသပ်နေတယ်၊ ဒီတောဒီတောင်ထဲမှာ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့သူတွေရှိပါတယ်၊ တောင်သူတွေက ကြောက်လန့် ကြတာပေါ့၊ ပြည်သူလူထုကို စမ်းသပ်တာ ပွင့်ပွင့်လင်းလင်း အသိပေးစေချင်တယ်ပေ့ါ"
ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဒေသခံတွေကို အပြင်မထွက်ကြဖို့ အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ဒေသခံတွေကို အသိမပေးဘဲ လက်နက်ကြီးတွေကို စမ်းသပ်ပစ်ခတ်ခဲ့တာ မနေ့ကအထိဆိုရင် ၅ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်လောက်ကစပြီး စေတုတ္တရာမြို့နယ် နဲ့ ၂ မိုင်နီးပါးဝေးတဲ့နေရာမှာ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံကို စတင်တည်ဆောက်ခဲ့ရာ အနီးဝန်းကျင်က လယ်ယာမြေဧက ၅ထောင်နီးပါးလောက် သိမ်းယူခံခဲ့ရတယ်လို့လည်း သိရပါတယ်။