နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၅၀၀ ကျော်ရှိ
2017.12.25

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မောင်တောမြို့နယ် ၃ မိုင်ကျေးရွာကို နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြိုတိုင်းရင်းသား ၅၀၀ ကျော် ရှိနေပြီလို့ ကူညီပေးနေတဲ့ ပရဟိတဆရာတော်က ဒီနေ့ မိန့်ပါတယ်။
ရေရှည်စားဝတ်နေရေးအတွက်ကို အလုပ်ထွက်လုပ်ကြဖို့ လမ်းညွှန်ထားတယ်လို့ မောင်တောမြို့ ၃ မိုင် ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ က မိန့်ပါတယ်။
"၇၄ စုပါ၊ လူဦးရေ ၅၀၇ ဦးပါ၊ ဘုန်းဘုန်းက သူတို့ကို တဲကလေးတွေ ဆောက်ပေးပြီးတော့ထားတယ်၊ ဒကာတို့ရေ ငါ့ကလည်းတော့ မတတ်နိုင်ရှာဘူး၊ ပတ်ဝန်းကျင်က အလှူရှင်မရောက်လို့ရှိရင် ကိုယ်စီ ကိုယ်စီ ဘယ်နေရာမှာ အလုပ်ရရ သွားကြပါ၊ လုပ်ကြပါ၊ ကိုင်ကြပါလို့ ဘုန်းဘုန်းလမ်းညွှန်ထားပါတယ်၊ အခက်အခဲရှိရင် ဘုန်းဘုန်းကျွေးမှာလို့ ပြောထားပါတယ်"
အဲဒီမြိုတိုင်းရင်းသားတွေဟာ ဒီဇင်ဘာလ ၆ ရက်နေ့ကစတင်ကာ ရောက်လာကြတာဖြစ်ပြီး လက်ရှိအချိန်မှာ လူဦးရေ ၅၀၀ ကျော်အထိ ရှိလာတာ ဖြစ်ပါတယ်။
သူတို့နေထိုင်ဖို့အတွက် မောင်တောမြို့ ၃မိုင် သီဟိုသရက်ခြံအနီးမှာ မြေနေရာမှာ ယာယီတဲလေးတွေ ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူတွေ ရှိသလို အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်တွေကို စိုးရိမ်မှုကြောင့် ထွက်ပြေးလာသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် သြရမကျေးရွာအုပ်စု လက်ပံကိုင်း၊ သလူပြား၊ မြောင်းချောင်း၊ အင်းချောင်းနဲ့ လောင်းယုံကျေးရွာအုပ်စု တောင်ချောင်းကြီး၊ နတ်ဆိပ်၊ တောင်ချေ စတဲ့ကျေးရွာတွေကလည်း လူဦးရေ ၁၇၀ လောက် မောင်တောမြို့ ၃ မိုင်ကျေးရွာကို ထွက်ပြေးလာခဲ့ကြပါတယ်။