သရက်ချောင်း ရွာတွေထဲ စစ်တပ်ဝင်လာလို့ ဒေသခံ ၅ဝဝဝ လောက် ထွက်ပြေးနေ
တနသာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်သားအင်အား တစ်ရာလောက် ဝင်လာလို့ ဒေသခံပြည်သူ အယောက် ၅၀၀၀ လောက် ကြောက်လန့် ထွက်ပြေးနေကြတယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က RFA ကို ပြောပါတယ်။
တိုက်ပွဲတွေ မရှိပေမယ့် အဲ့ဒီဒေသမှာရှိတဲ့ သဲချောင်းကြီး ရှေ့တန်းစစ်စခန်းကို အင်အားဖြည့်နေတာလို့ ဆိုပါတယ်။
"စစ်ကောင်စီဘက်က မတ်လ ၃၀ ရက် ဒီနေ့မနက် ၃ နာရီလောက် အစောကြီးမှာ သာလွန်အင်အား လာဖြည့်တဲ့ အခါကျတော့ ရွာသူရွာသားတွေက စိုးရိမ်ပြီးတော့ ရှောင်နေရတာပေါ့" လို့ ဒေါနတနင်္သာရီအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
တောင်ပျောက်၊ ရေပူ၊ အလယ်စု၊ ကျွဲခြံ၊ သဲချောင်းကြီး၊ မတ်ကဲ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ ရေပြတ်၊ ဖယ်တွယ် စတဲ့ရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာလို့ ပြောပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ကြောက်လန့်ပြီး ထွက်ပြေးလာရပေမယ့် နောက်မှာကျန်ခဲ့တဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှာကိုလည်း စိုးရိမ်နေတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
စားနပ်ရိက္ခာနဲ့ တခြားအခက်အခဲတွေ ရှိနေတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောကြပါတယ်။
"စားဝတ်နေရေး အဓိကကျတော့ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။ရေမီးအခက်အခဲလည်းရှိတော့ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ အိမ်သာတို့ ရေချိုးဖို့တို့လည်း အခက်အခဲ ရှိတယ်"
တောင်ပျောက် တိုက်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်စခန်းဆိုပြီး သတ်သတ်မှတ်မှတ် မရှိဘဲ၊ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ လောက်ထိပဲ ခိုလှုံနိုင်တဲ့ စခန်းတွေသာ ရှိတာကြောင့် ထွက်ပြေးလာတဲ့သူ အရေအတွက်နဲ့ စခန်းမမျှ ဖြစ်နေပါတယ်။
စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဆယ်လလောက်ကစလို့ သဲချောင်းကြီးစခန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ မရှိသေးပေမယ့် စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Photo - ဒေါနတနင်္သာရီ