ဆည်မဆောက်ဖို့ အိမ်ထောင်စု ၅၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြ
2014.08.27
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကျောက်တန်းရွာအနီးမှာ ရေပေးဝေဖို့အတွက် ဆည်တည်ဆောက် ဖို့ ပြင်ဆင်နေတာကို ကျောက်တန်းရွာ အိမ်ထောင်စု ငါးရာကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဦးစီးဌာနထံ တင်ပြထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဆည်တည်ဆောက်မယ့်နေရာဟာ ကျောက်တန်းရွာနဲ့ နီးကပ်တဲ့အတွက် ရေဘေးအန္တရာယ် ကြုံတွေ့နိုင်တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ကျောက်တန်းရွာသား ဦးမင်းဦးက ပြောပါတယ်။
၂၅ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စာတင်တယ်၊ နောက်ဆည်မြောင်းဦးစီးဌာနကို သွားတင်တယ်၊ ဆည်က ရွာနဲ့ကပ်လွန်းနေတဲ့အတွက် ရွာကိုအန္တရာယ်ပေးနိုင်တယ်ပေ့ါ၊ ကျနော်တို့ ချောင်းကလည်း ရေအားနည်း တဲ့ချောင်း မဟုတ်ဘူး၊ ရွာကိုသဘာဝအန္တရာယ်တွေ အချိန်မရွေးကျရောက်နိုင်တယ်ပေါ့"
ဒါ့အပြင် ဆည်တည်ဆောက်ဖို့ သတ်မှတ်ထားတဲ့ မြေနေရာမှာ ဒေသခံရွာသားတွေ စိုက်ပျိုးနေတဲ့ မြေဧက ၅၀၀ ကျော်ပါဝင်ပြီး ထန်းပင် နှစ်သောင်းကျော်စိုက်ပျိုးထားတဲ့ မြေနေရာလည်းပါဝင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်ကလည်း ကျောက်တန်းရွာအနီးမှာ ဆည်တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမဲ့ ဆည်ဆောက်ဖို့မသင့်တော်တဲ့ မြေတွေဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဋ္ဌာနက စစ်ဆေးတေ့ွရှိခဲ့တဲ့အတွက် ဆည်ဆောက်မယ့်စီမံကိန်း ပျက်ခဲ့တယ်လို့ သိရပါတယ်။