ကိုအောင်ကြီးရှေ့နေကို တရားစွဲထားမှု တရားရုံးက အာမခံပေး
2019.09.25
Victoria အမှုမှာ အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေကို Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားတာကို နေပြည်တော် ပုပ္ဗသီရိမြို့နယ် တရားရုံးက ငွေကျပ်သိန်း တစ်ရာနဲ့ ဒီနေ့ အာမခံပေးလိုက်ပါတယ်။
ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင် သတင်းမီဒီယာတွေမှာ ဖြေကြားတာတွေနဲ့ ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က မိသားစု ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
ကနဦးမှာ ကျောင်းကြီးကြပ်ရေးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ၁၀၁ က ( ၂ ) အပါအဝင် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ပါ ပတ္တာနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပေမယ့် အဲဒီနိုင်လွတ်လုံနဲ့ စွဲတာက ဥပဒေနဲ့ မညီလို့ဆိုပြီး ပယ်ချခံခဲ့ရပါတယ်။
ဒေါ်စုဒါလီအောင်က နောက်ဆုတ်မှာ မဟုတ်ဘဲ Victoria အမှု ပြီးဆုံးတဲ့ အထိ လိုက်ပါ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ က ဒက္ခိဏခရိုင်တရားရုံးမှာ Vicroria ရဲ့ ဖခင်ဖြစ်သူ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဒေါ်စုဒါလီအောင်က သတင်းထောက်တွေကို ပြန်လည်ပြောပြခဲ့တဲ့အထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သား နှစ်ဦးဖြစ်တဲ့ ကိုကို ၊ ညီညီ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
ဒီနေ့ ပုပ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းကို လာရောက်ခဲ့တဲ့ မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သူတို့သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။
ဘယ်လိုအချိန်မှာ အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ချပြမယ်လို့တော့ ပြောမသွားခဲ့ပါဘူး ။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အရ ပြစ်မှုထင်ရှားရင် အများဆုံးထောင်ဒဏ် လေးလကနေ တစ်နှစ်အထိ၊ ငွေဒဏ် ကျပ်လေးသိန်းကနေ ခြောက်သိန်းအထိ ချမှတ်ဖို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ ဒီအမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေက CMP လို့ ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှု စလုပ်မယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)