မူကြိုဆရာမ နှင်းနုကိုပါ တရားခံအဖြစ် စစ်ဆေးပေးဖို လျှောက်ထား


2019.07.24
victoria-622.jpg Victoria အမှုစစ်ဆေးနေတဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ လာရောက်ဝန်းရံသူတွေကို ၂၀၁၉ ဇူလိုင် ၂၄ ရက်နေ့ကတွေ့ရစဉ်
Photo: Thiha Tun/RFA

Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် Wisdom Hill မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံအဖြစ် စစ်ဆေးပေးဖို့နဲ့ အမှုဖြစ်ပွားခဲ့တဲ့ အဲဒီကျောင်း ကိုပါ တရားသူကြီးတွေ သွားရောက်စစ်ဆေးပေးဖို့ တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ဒီနေ့ လျှောက်ထား ခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ေပးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ကို ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။

တရားသူကြီးတွေကတော့ အဲဒီလို ဆရာမနှင်းနုကို စစ်ဆေးဖို့ဆိုတဲ့ လျှောက်ထားချက်ဟာ တရားလိုဘက်က တိုက်ရိုက်တင်ပြတာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် ဆောင်ရွက်ဖို့ဆိုပြီး ဥပဒေရုံးဘက်ကို တာဝန် ပေးလိုက်တယ်လို့ ပြောပါတယ်။

Victoria အမှုမှာ မိခင်ဖြစ်သူက တရားလိုလုပ်ပြီး မေလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာပါ။

ဒီအမှုမှာ တရားသူကြီး နှစ်ဦးထိုင်နဲ့ ခုံရုံးထိုင် စစ်ဆေးတာဖြစ်ပြီး သက်သေတွေအဖြစ် ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် အပါအဝင် စုစုပေါင်း ၂၆ ဦးကို စစ်ဆေးမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီး(ခေါ်) အောင်ကျော်မျိုး ကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို စွပ်စွဲထားတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးမှာ တရားလိုဖြစ်သူ Victoria ရဲ့ မိခင်ကတော့ ကလေးရဲ့ သက်သေထွက်ချက်အရ ဒီအမှုကို ကျူးလွန်သူဟာ ကျောင်းကြီးကြပ်ရေး ဆရာမ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးဖြစ်တယ်ဆိုပြီး ထွက်ဆိုခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ ကိစ္စ အပေါ် ဆရာမ နှင်းနု သိတယ်ဆိုပြီး ကလေးငယ် Victoria က ရဲစခန်းမှာလည်း သက်သေထွက်ဆိုခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

စွပ်စွဲခံရသူ အောင်ကြီး ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ဒီနေ့ အချိန်မရတဲ့အတွက် တရားလိုဖြစ်တဲ့ Victoria ရဲ့ မိခင်ကို အပြန်အလှန် မမေးမြန်းနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီနေ့ တရားရုံးကို စွပ်စွဲခံထားရသူ အောင်ကြီး(ခေါ်) အောင်ကျော်မျိုး အပါအဝင် သူရဲ့ မိခင်နဲ့ ဖခင်တို့လဲ တရားရုံးကို ရောက်လာပါတယ်။

ကိုအောင်ကြီးရဲ့ မိခင်ဖြစ်သူ ဒေါ်ရီကတော့ သူ့ရဲ့ သားဖြစ်သူဟာ ဒီအမှုနဲ့ လုံး၀ မပတ်သက်ဘူးလို့ ငြင်းဆိုပါတယ်။

ဒီနေ့ တရားရုံးချိန်းကို စိတ်ဝင်စားလို့ လာရောက်ကြည့်ရှုခဲ့တဲ့ ဒေါ်ကြည်ကြည့်မြင့် က အမှုမှန်ပေါ်ပေါက်စေ လိုတယ်လို့ ပြောပါတယ်။

တတိယမြောက်ရုံးချိန်းကို လာမယ့် သြဂုတ်လ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး Victoria ရဲ့ မိခင် တရားလိုဖြစ်သူကို ပြန်လှန်စစ်ဆေးမူတွေ ဆက်လုပ်မှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။