Victoria အမှု သံသယတရားခံ ကိုအောင်ကြီး လွတ်မြောက်

သီဟထွန်း
2019.12.18
aung-gyi-622 Victoria အမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုအောင်ကြီးကို ၂၀၁၉၊ ဒီဇင်ဘာ ၁၈ ရက်နေ့က တွေ့ရစဥ်။
ဓာတ်ပုံ - သီဟထွန်း/ RFA

လူအများစိတ်ဝင်စားတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria သက်ငယ်မုဒိမ်းမှုမှာ မူကြိုကျောင်းယာဉ်မောင်း ကိုအောင်ကြီးကို သံသယတရားခံအဖြစ် ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးနေတာ ခြောက်လကျော် ရှိနေပါပြီ။

ဒီနေ့ ၁၃ ကြိမ်မြောက်ရုံးချိန်းအပြီး ညနေပိုင်းမှာတော့ ဒက္ခိဏခရိုင်တရားသူကြီးက ကိုအောင်ကြီးကို တရားရှင် ပြန်လွှတ်ပေးလိုက်တာပါ။

ရာဇဝတ်ကျင့်ထုံး ၂၅၃ (၂) က အရ တရားလိုပြသက်သေ မကုန်သေးချိန်၊ အရေးကြီးသက်သေတွေ စစ်ပြီးတဲ့အခါ သက်သေထွက်ချက်မပေါ်ကြောင်း ယူဆရင် တရားသူကြီးက တရားရှင် လွှတ်ပေးလို့ ရတယ်လို့ ကိုအောင်ကြီးရဲ့ ရှေနေ့ တစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က ပြောပါတယ်။



တရားရုံးအမိန့်နဲ့ ပြန်လွတ်လာတဲ့ ကိုအောင်ကြီးက ပြန်လွတ်လာတာကို ဝမ်းမြောက်နေပြီး ဒီလို အောက်တန်းကျတဲ့ အမှုတွေအတွက် တရားခံ အစစ်အမှန်ကိုသာ ဖမ်းဆီးစေလိုတယ်လို့ ပြောပါတယ်။

မတရား ဖမ်းဆီးစွပ်စွဲခံရတဲ့အတွက် နစ်နာချက်တွေအပေါ် ဘယ်လိုဆက်လုပ်မလဲ ဆိုတာကိုတော့ ခုချိန်မှာ မပြောနိုင်သေးဘဲ ရှေ့နေဖြစ်သူတွေနဲ့ တိုင်ပင်ရဦးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလိင်အကြမ်းဖက်တဲ့အမှုအတွက် သူ့အနေနဲ့ သိတဲ့အတိုင်း၊ အရှိကိုအရှိအတိုင်း ထွက်ဆိုဖို့ ဆုံးဖြတ်ထားတယ်လို့ ကိုအောင်ကြီးက ပြောပါတယ်။

ဒီနေ့တရားရုံးမှာ Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနုလွင် အပါအဝင် ဆရာမသုံးဦးကို စစ်ဆေးခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌနဲ့အဖွဲ့ကိုလည်း... ပျောက်ဆုံးနေတဲ့ CCTV မှတ်တမ်းဖိုင်တွေနဲ့ ပတ်သက်လို့ စစ်ဆေးတွေ့ရှိချက်တွေကို မေးမြန်းခဲ့ပါတယ်။

ကိုအောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင်က... ဒီနေ့ ကိုအောင်ကြီး လွတ်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့ ပြောပါတယ်။

အရေးကြီးတဲ့ သက်သေတစ်ဦးဖြစ်သူ ဆရာမ နှင်းနုလွင်ကို တရားခွင်မှာစစ်ဆေးစဉ်မှာ...ကျူးလွန်သူ ကိုအောင်ကြီး မဖြစ်နိုင်ကြောင်း ထွက်ဆိုခဲ့ပြီးပါတယ်။ ဒါကြောင့် သက်သေ ၂၆ ယောက်မှာ ၁၉ ယောက် စစ်ဆေးပြီးပေမယ့် ကိုအောင်ကြီး ကျူးလွန်ကြောင်း အထောက်အထား မပေါ်ပေါက်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) နဲ့ တရားရှင် လွှတ်ပေးလိုက်တာပါ။

ကိုအောင်ကြီးရဲ့ ရှေနေ့ နောက်တစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က... ရာဇဝတ်ကျင့်ထုံး ၂၅၃ (၂) က အရ တရားလိုပြသက်သေ မကုန်သေးချိန်၊ တရားသူကြီးက တရားရှင် လွှတ်ပေးလို့ ရတယ်လို့ ပြောပါတယ်။

ကိုအောင်ကြီးရဲ့ မိဘတွေကတော့ ကိုအောင်ကြီး လွတ်မြောက်အောင် ဆောင်ရွက်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

တရားခံအဖြစ်စွပ်စွဲခံရသူ ကိုအောင်ကြီး လွတ်မြောက်လာတဲ့အတွက် တရားလိုဖြစ်တဲ့ ဗစ်တိုးရီးယားလေးရဲ့ မိခင်ဘက်က ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲ ဆိုတာကိုတော့ ရှေ့နေ ဒေါ်ရွက်နုအောင်တို့ကို မေးမြန်းခွင့် မရခဲ့ပါဘူး။

Victoria ရဲ့ဖခင်ဖြစ်သူကတော့... သမီးဖြစ်သူရဲ့ မိန်းမကိုယ်မှာ တွေ့ခဲ့တဲ့ သုတ်ပိုးပါရှိတဲ့ မှန်ပြားကို ထိုင်းနိုင်ငံက ဆေးရုံတစ်ရုံကိုပို့ပြီး DNA ပြန်လည် စစ်ဆေးနိုင်ဖို့ မနေ့က တရားရုံးကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။