ဗစ်တိုးရီးယားအမှုမှ ခြောက်ဦးကို မူကြိုကျောင်းကြီးကြပ်ရေးမှူး အမှုဖွင့်


2019.09.27
naypyitaw-police-622.jpg နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းကို တွေ့ရစဉ်
Photo: Thet Su Aung/RFA

ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူအပါအဝင် ခြောက်ဦးကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်ခံထားရသူတွေဟာ ဗစ်တိုးရီးယားလေးရဲ့ဖခင်၊ ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့အပြင် သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ဒီအမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဒေါက်တာဝင်းကိုကိုသိန်းတို့ ဖြစ်ပါတယ်။

အမှုဖွင့်ထားတဲ့ ဒေါ်ဥမ္မာလှိုင်ဘက်က စွပ်စွဲချက်ကတော့ သူ့သားနှစ်ဦးရဲ့ ဓာတ်ပုံကို ဗစ်တိုးရီးယားလို့ အမည်ပေး ထားတဲ့ သမီးငယ်ကို ပြသကာ ဗီဒီယိုရိုက်ကူးပြီး တရားရုံးထံ တင်သွင်းခဲ့တဲ့အပေါ် ကလေးငယ်ရဲ့ ဖခင်၊ ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့ကို အရေးယူပေးဖို့ဖြစ်ပါတယ်။

အဲဒီဗီဒီယိုနဲ့ပတ်သက်လို့ တရားရုံးချိန်းအပြီးမှာ သတင်းမီဒီယာတွေကို တရားလိုရှေ့နေနဲ့ တရားခံရှေ့နေတို့က ဖြေကြားပြောဆိုခဲ့တာတွေ၊ ဒီအကြောင်းကို သက္ကမိုးညို အကောင့်ကနေ ရေးသားခဲ့တာတွေအတွက်လည်း သူတို့ သုံးဦးကို အရေးယူပေးဖို့ ဖြစ်ပါတယ်။

ဒီလိုပြောဆိုချက်တွေကြောင့် သူ့သားနှစ်ဦးကို ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆို ထင်မြင်ခံနေရတဲ့အတွက် ဂုဏ်သိက္ခာကို ကျဆင်းစေတယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေတယ်၊ လူ့ပတ်ဝန်းကျင်မှာ အရှက်ရစေတယ်ဆိုပြီး တရားလိုလုပ်တိုင်ကြားတာပါ။

ဒေါ်ဥမ္မာလှိုင်ဟာ သံသယတရားခံရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကိုလည်း အလားတူပုဒ်မနဲ့ အမှုဖွင့်ခဲ့ တာကြောင့် အခုဆိုရင် ဒီအမှုနဲ့ပတ်သက်လို့ အမှုဖွင့်ခံထားရသူ ခုနှစ်ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

အသက် သုံးနှစ်နီးပါးအရွယ် Wisdom Hill မူကြိုကျောင်းသူ ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရတဲ့အမှုမှာ နစ်နာသူရဲ့မိခင်က တရားလိုလုပ် အမှုဖွင့်ထားတာကြောင့် ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို သံသယတရားခံအဖြစ် အမှုဖွင့်ဖမ်းဆီးပြီး ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးနေတာပါ။ ဒီအမှုမှာ နစ်နာတဲ့ ဗစ်တိုးရီးယား ကလေးငယ်ဟာ ကိုအောင်ကြီးကို မသိကြောင်း ပြောဆိုထားတာလည်းဖြစ်ပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။