ရဲစခန်းထောက်ခံစာ ငြင်းပယ်တဲ့အထိ ရဲကို ယုံကြည်မှုကျဆင်းလာ
2019.12.20

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေး ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီးတွေက ကလေးငယ်လေးရဲ့ နာမည်ကို ထုတ်ပြောခဲ့ကြလို့ ဝေဖန်ခံနေရပါတယ်။
အဲဒီနောက်ပိုင်းမှာ လုပ်ငန်းရှင်တချို့က ရဲတပ်ဖွဲ့ကို မယုံကြည်တဲ့အတွက် ဝန်ထမ်းအသစ်တွေ ခေါ်တဲ့နေရာမှာ ရဲစခန်းရဲ့ ထောက်ခံချက်တွေ မလိုဘူးဆိုပြီး လူမှုကွန်ရက်မှာ ပြောလာကြပါတယ်။
မနေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လိင်အကြမ်းဖက်ခံရတဲ့ ကလေး ငယ်လေးရဲ့ နာမည်၊ မိဘနာမည်တွေကို ရဲအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် လိပ်စာတွေနဲ့ အလုပ်အကိုင်တွေ၊ တိုင်ကြားစာတွေကိုပါ ရဲဇာနည်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ကြပါ တယ်။
ဒီလိုလိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ သတင်းအချက်လက်တွေကို ကာကွယ် ပေးရမယ့်အစား အခုလို ထုတ်ဖော်လိုက်တာကို ဝေဖန်ကြတာပါ။
လုပ်ငန်းရှင် တချို့ကလည်း ဒီကိစ္စပေါ်မှာ အခြေတည်ပြီး ရဲတပ်ဖွဲ့ကို အယုံအကြည် ကင်းမဲ့သွားသလို သူတို့ရဲ့ ထောက်ခံချက်တွေကိုလည်း လုံးဝလက်မခံတော့ဘူးဆိုပြီး ထုတ်ဖော်ပြောကြားလာ ကြပါတယ်။
မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ ဝန်ထမ်းအသစ်ခေါ်တဲ့အခါ လိုအပ်တဲ့ အထောက်ထားအနေနဲ့ ရဲစခန်း ထောက်ခံချက်ကို အလုပ်လာလျှောက်တဲ့အခါမှာ တောင်းကြပါတယ်။
လူအခွင့်အရေးရလည်း မလုပ်သင့်တာကို လုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကို မကျေနပ်လို့ အခုလို လုပ်တာ လို့ IVY အသက်မွေးဝမ်းကြောင်း ပညာဒါနကျောင်းက မန်နေဂျာ ဦးစိုးသန်းဟန်က ပြောပါတယ်။
“အဓိကကတော့ ကလေးရဲ့နာမည်ကို ထုတ်ပြောတာကို မကျေနပ်ဘူးပေါ့နော်။ လူ့အခွင့်အရေးအရလည်း လုံးဝမပြောသင့်တဲ့ကိစ္စလို့ ယူဆတယ်ခင်ဗျာ။ သတင်းမီဒီယာတွေအနေနဲ့တောင် ဒါတွေကို ဖြုတ်ချထားတဲ့ ကိစ္စမှာ နောက်တစ်နာရီလောက် အကြာ မှာ ဒါကိုတင်တယ်ဆိုတော့ သိပ်အဆင်မပြေလို့ပါ။”
ဒီအမှု ဖြစ်စဉ်တလျှောက်လုံးမှာ ကလေးငယ်လေးနဲ့ မိသားစုကို စာနာသူတွေ၊ အမှန်တရားလိုလား သူတွေ၊ တရားမျှတမှုကို တောင်းဆိုသူတွေက ကလေးငယ်လေးနဲ့ ပတ်သက်တဲ့ အချက်လက်တွေ ကို မေးမြန်းတာတွေကို ရှောင်ရှားခဲ့ကြပါတယ်။
အဲဒီလိုပဲ ကလေးငယ်အတွက် အမှုလိုက်ပေးတဲ့ ရှေ့နေတွေ၊ ဝန်းရံသူတွေအပါအဝင် သတင်းမီဒီ ယာတွေကလည်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ မတရားပြုကျင့်ခံရသူကို ကာကွယ်ပေးဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အခုလို လူသိထင်ရှား ထုတ်ပြောခဲ့တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်တာတွေ ဖြစ်လာခဲ့ပါတယ်။
အခုဆိုရင် ယုံကြည်မှု အတော်မဲ့သွားတာကြောင့် အခုလို ထောက်ခံချက်တွေကို မယူတော့တာလို့ မုံရွာမြို့ ယုယုယယဘော်ဒါက ဆရာတစ်ယောက်ဖြစ်သူ ဦးမောင်မောင်ဌေးက ပြောပါတယ်။
“ ကျနော်တို့လောက်တောင်မှ ရိုးသားမှုမရှိတဲ့ အဖွဲ့အစည်းလို့ မြင်လို့ပါ။ သာမန်ပြည်သူလောက်တောင် ရိုးသားမှုမရှိဘူး ၊ အဓိပ္ပာယ်မရှိဘူးလို့ ယူဆလို့ပါ။ လူတွေရဲ့ ယုံကြည်မှုက မဲ့သွားပြီ တော်တော်လေးကို။ အခုဟာက ပိုဆိုးသွားတာပေါ့နော်။ ဗစ်တိုးရီးယားအမှုမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်လည်း မစောင့်ထိန်းဘူး။ တရားခံ မဟုတ်တဲ့သူက တရားခံဖြစ်။ ဘေးကကြည့်တဲ့သူတောင် ယူကြုံးမရဘူး။ တကယ်ခံရတဲ့သူတွေ ဘယ်လိုနေမလဲမသိဘူး။ ”
ရဲစခန်းထောက်ခံချက်အတွက် နယ်ပြန်စရာမလိုဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း အထောက်ထားပြပြီး ရခဲ့ကြတယ်လို့ လုပ်ငန်းခွင်ဝင်တဲ့ အလုပ်သမားတွေ ဆီကနေ သိရပါတယ်။
ပဲခူးတိုင်းကနေ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မှာ ထောက်ခံချက်ယူခဲ့တဲ့ မနှင်းသီတာသိမ့်က အခုလိုပြောပါတယ်။
“ထောက်ခံစာ သွားလုပ်တုန်းက ရဲစခန်းကဦးလေးကြီးက မိတ္တူဖိုးလေး ပေးခဲ့ပါဦးတဲ့။ ငါးရာပေးခဲ့တယ်။ ရပ်ကွက်ထောက်ခံစာပြပြီး လုပ်ခဲ့တာ။ ”
ဒါ့ကြောင့် ရဲစခန်း ထောက်ခံချက် ဆိုတာကလည်း အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်အများစုက တောင်းတဲ့ အချက်လက်တစ်ခုသာဖြစ်ပေမယ့် အလုပ်သမားရဲ့ အကျင့်စာရိတ္တကောင်းမွန်မှု၊ ပြစ်မှုကင်းရှင်းမှုကို အာမခံချက် မပေးနိုင်ဘူးလို့လည်း ပြောကြပါတယ်။
တချို့ လုပ်ငန်းခွင်တွေမှာတော့ ရဲစခန်းထောက်ခံစာကို မတောင်းတာတွေလည်း ရှိပါတယ်။
ကျောက်စိမ်းအထည်ချုပ်စက်ရုံ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာ ကိုဇော်ဇော်အောင်က ရဲစခန်းထောက်ခံစာဟာ အလုပ်အတွက် အထောက်ပံ့မဖြစ်နိုင်တဲ့အတွက် အရေးမကြီးဘူးလို့ ပြောပါတယ်။
“တကယ်တမ်းပြောရရင် ရဲစခန်းထောက်ခံစာက ကျနော်တို့အတွက် အထောက်ပံ့ မဖြစ်ပါဘူး။ နယ်ကလာတဲ့ သူတွေဖြစ်တော့ ရောက်တဲ့နေရာမှာပဲ ထောက်ခံစာယူရတာကိုး ။ ပြစ်မှုကင်းရှင်းကြောင်းလေ။ ဒီစာရွက်က ဒီဝန်ထမ်းတစ်ယောက် တကယ်ပြစ်မှုကင်းရှင်းတယ်၊ မကင်းရှင်းဘူးဆိုတာ ရဲစခန်းထောက်ခံစာ တစ်ခုတည်းနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ရဲစခန်းထောက်ခံစာကို အရေးကြီးတဲ့ စာရွက်စာတမ်းမှာ ထည့်မထားဘူး။ ထောက်ခံစာနဲ့ ပတ်သက်ပြီး လေးလေးနက်နက် ယုံကြည်တဲ့အထဲမှာ ထည့်မထားဘူး။”
ရဲတပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက ပြည်သူအပေါ် ထားရှိရမယ့် ကျင့်ဝတ်တွေထဲမှာ ပြည်သူလူထု ရဲ့ ယုံကြည်ကိုးစားမှုကို ရယူပါ၊ ပြည်သူလူထုအတွက် တရားဥပဒေနဲ့အညီ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပါ၊ လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုအပေါ် အနိုင်မကျင့်မိအောင် သတိပြုပါ အပါအဝင် ကျင့်ဝတ် ၁၀ ခုရှိပါတယ်။
အခုလို လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အချက်လက်တွေ အများပြည်သူ မြင်အောင် ဖြန့်ဝေလိုက်တာဟာ လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတွေအပေါ် ကျုးလွန်ရာ ရောက်တဲ့အတွက် အခုလို လုပ်ငန်းရှင် တချို့အနေနဲ့လည်း တဖက်တလမ်းကနေ ကန့်ကွက်ဆန့်ကျင်ကြတာပဲ ဖြစ်ပါတယ်။