ဗစ်တိုးရီးယားအမှု ကလေးသက်သေ နှစ်ဦး ပယ်ဖျက်ပေးဖို့ တောင်းဆို

သီဟထွန်း
2019.10.21
ohnmarhlaing-622.jpg Wisdom Hill မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ကို ၂၀၁၉၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ နာမည်ထွက်နေတဲ့ Wisdom Hill မူကြိုကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို သက်သေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ဒက္ခိဏ ခရိုင် ဥပဒေရုံးကို အသနားခံစာ တင်ထားတယ်လို့ အောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်ရဲ့ ဒီနေ့ တရားခွင်အတွင်း ပြန်လှန်စစ်မေးမြန်းချက်တွေ အရ သိရပါတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့ သား နှစ်ဦးကို ဗစ်တိုးရီးယားအမှုမှာ သက်သေအဖြစ် စစ်မလား ၊ ပယ်ဖျက် မလားဆိုတာကိုတော့ ဒက္ခိဏခရိုင် တရားရုံးက ဆုံးဖြတ်ရမှာပါ။

လက်ရှိတရားစွဲခံထားရတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေလည်းဖြစ်၊ ကိုအောင်ကြီးရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အဲဒီအသနားခံထားတဲ့ ကိစ္စကို ကြိုတင်မသိခဲ့ကြောင်း၊ သိရင်တော့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

လူအများစိတ်ဝင်စားတဲ့ ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ စစ်ဆေးတာပါ။

သြဂုတ်လ ၁၄ ရက်နေ့က ဒက္ခိဏခရိုင် တရားရုံးရှေ့မှာ ရှေ့နေ  ဒေါ်စုဒါလီအောင်ရဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းဌာနနဲ့ ဖေ့ဘွတ်အွန်လိုင်းကနေ Live ထုတ်လွှင့် ဖြေကြားချက်တွေဟာ မိသားစု ဂုဏ်သိက္ခာနဲ့ သားနှစ်ဦးအတွက် ထိခိုက် နစ်နာစေတယ်ဆိုပြီး ဒေါ်ဥမ္မာလှိုင် က ရှေ့နေ ဒေါ်စုဒါလီအောင် ကို ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေး ဆိုင်ရာ ပုဒ်မ ၁၀၁ (က) ၂ နဲ့ တရားစွဲဆိုထားတာပါ။

ဒီနေ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က တရားလို ဒေါ်ဥမ္မာလှိုင် ကို ပြန်လှန်စစ်မေးခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်ကို ဒီနေ့ ပြန်လှန်စစ်မေးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှေ့နေ ဒေါ်စုဒါလီအောင်ကို မေးကြည့်တဲ့ အခါ တရားခွင်အတွင်းက သက်သေထွက်ချက်တွေကို ရှင်းပြပါတယ်။

ရှေ့နေ ဒေါ်စုဒါလီအောင်က ဘီဘီစီ သတင်းဌာနကို အင်တာဗျူး ဖြေဆိုတဲ့အထဲမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦး အမည်ကို ထည့်သွင်း ပြောဆိုခဲ့တာမရှိကြောင်းနဲ့ ကိုကိုနဲ့ ညီညီလုပ်တာဆိုပြီး ဗစ်တိုးရီယားလေးရဲ့ ဖခင်ဖြစ်သူ နုတ်မှ ထွက်ဆိုချက်တွေကိုသာ ပြန်ပြောတာဖြစ်ကြောင်း ဒီနေ့ တရားခွင်အတွင်း မေးမြန်းချက်တွေထဲမှာ ပါရှိပါတယ်။

ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကလည်း ဒေါ်စုဒါလီအောင် အနေနဲ့ သူမရဲ့ သားနှစ်ဦးအမည်ကို ထုတ်ဖော် မပြောဆိုခဲ့ပေမယ့် ဘီဘီစီ သတင်းဌာနကတင်တဲ့ ဖေ့ဘွတ်အွန်လိုင်းက မှတ်ချက်တွေမှာ သားနှစ်ဦးရဲ့ ပုံတွေကို တင်ပြီး မဖွယ်မရာ ပြောဆိုကြတာတွေရှိတဲ့အတွက် ထိခိုက် နစ်နာမှုတွေ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကိုကိုနဲ့ ညီညီဆိုတာ သူမရဲ့ သားနှစ်ဦးဖြစ်တယ်ဆိုပြီး လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာက ပြစ်တင်ပြောဆိုမူတွေကြောင့် စိတ်ထိခိုက်ခံစားရပြီး လူစည်ကားတဲ့ နေရာတွေကို မသွားမလာရဲအောင် ဖြစ်နေရတယ်လို့ ဒီနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေ ဦးအောင်ရဲစိုးကတော့ ဒေါ်စုဒါလီအောင်ရဲ့ ပြန်လှန် မေးမြန်းချက်တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မှတ်ချက်ပြုစရာ မရှိဘူးလို့ ပြောပါတယ်။

နောက်လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်စုဒါလီအောင်ကို အင်တာဗျူး မေးမြန်းခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းဌာနက သတင်းထောက် ကိုအောင်သူရကို သက်သေတစ်ဦးအဖြစ် စစ်ဆေးဖို့ရှိပါတယ်။

တစ်ဘက်မှာလည်း ဒီအမှုကို တရားရုံးမှာ ဆက်လက်မစစ်ဆေးဘဲ ချေဖျက်ပေးနိုင်ရေး တိုင်းတရားလွှတ်တော်ကို တင်ပြဖို့ ဒေါ်စုဒါလီအောင်တို့ ဘက်က စီစဉ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။