သိမ်းဆည်းမြေပြန်ပေးဖို့ ပဲခူးတိုင်းအစိုးရကို ဒုသမ္မတ ညွှန်ကြား


2016.07.19
vice-president-bago-620.jpg ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ်
Photo: Myanmar President Office

အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားပြီး အသုံးမပြုတဲ့ လယ်ယာမြေတွေကို တောင်သူတွေထံ ပြန်ပေးဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မနေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

လယ်သမားတွေ အခက်အခဲ ဖြစ်နေတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ သိမ်းယူထားတာတွေကို ပြန်ပေး ဖို့ပြောတာလို့ ပဲခူးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။

"တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေအခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်၊ လယ်သမားတွေကို ငဲ့ညှာတဲ့အနေနဲ့ ဌာနဆိုင်ရာတွေမှာ ပိုင်ဆိုင်တာတွေရှိရင် ပြန်ပြီးတော့ပေး ဖို့ပြောတဲ့သဘောပါ၊ စစ်တောင်းမြစ်ဝှမ်းမှာ ကမ်းတွေပြိုနေတဲ့အတွက် လယ်သမားတွေ အခက်အခဲဖြစ်နေတယ်၊ ပိုင်ဆိုင်တာတွေရှိရင် ပြန်ပေးဖို့ပါ၊ သနပ်ပင်တို့၊ ကဝတို့မှာတော့ ဌာနဆိုင်ရာက ယူထားတာတွေရှိတယ်"

ပဲခူးတိုင်း ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးတို့က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ခန့်ရှိနိုင်တယ်လို့ ဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။

ဒါ့အပြင် ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်မှာရှိတဲ့ စားကျက်မြေတွေကို ဥပဒေနဲ့အညီ တောင်သူတွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေချပေးဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရေတိုရေရှည် စီမံဆောင် ရွက်ထားရမှာဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဘေးအန္တရာယ် ကျရောက်လာရင် လိုအပ်တာတွေကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။