ပြဿနာ ပိုရှုပ်အောင် UN အဖွဲ့များ လုပ်ခဲ့တယ်လို့ ဦးရဲထွဋ် ပြော
2014.01.28

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပြဿနာကို ပိုမိုရှုပ်ထွးအောင် လုပ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒုချီးရာတန်း ပဋိပက္ခအပါအဝင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သံအမတ်တွေ၊ ကုလသမဂ ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံရှင်းလင်းပွဲမတိုင်ခင် ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောခဲ့တာပါ။
“သတင်းဌာနတွေ၊ UN အေဂျင်စီတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်လို့၊ တည်ငြိမ်သွားအောင်လုပ်ဖို့ ရောက်နေတယ်၊ ဒါပေမဲ့ သူတို့ လုပ်တဲ့အခါ ပိုပြီးတော့ ရှုပ်ထွေးသွားအောင်လုပ်သလို ဖြစ်နေတယ်၊ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး”
ဒါ့အပြင် ဒုချီးရာတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်ဆိုရင် အစိုးရအနေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒုချီးရာတန်းကျေးရွာကို သတင်းမီဒီယာတွေ သွားရောက်သတင်းယူမယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူကူညီပေးဖို့ရှိပေမယ့် အဲဒီပဋိပက္ခသတင်းကို စတင်ရေးခဲ့တဲ့ AP သတင်းဌာနကိုတော့ သွားရောက်ခွင့်မပြုဘူးလို့ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို AP, VOA, RFA စတဲ့နိုင်ငံခြား သတင်းဌာနအပါအဝင် ပြည်တွင်းသတင်း မီဒီယာအများစုကို ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒုချီးရာတန်းကျေးရွာမှာ မွတ်စလင်ဘာသာဝင် ၄၀ ကျော် အကြမ်းဖက်သတ်ဖြတ် ခံခဲ့ရတယ်လို့ AP သတင်းဌာနက ရေးသားခဲ့သလို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ကလည်း စုံစမ်းစစ်ဆေးပေးပို့ ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။
အဲဒီဖော်ပြချက်တွေဟာ သတင်းမှားတွေဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက ပြောကြပါတယ်။ ဒုချီးယာတန်းရွာမှာ ရဲတပ်ကြပ်ကြီးတစ်ယောက် ပျောက်ဆုံးနေတာကြောင့်၊ ရဲတပ်ဖွဲ့က ရွာကိုဝိုင်းပြီး ရှာဖွေခဲ့တာဖြစ်ပြီး အဲဒီ ရဲတပ်ကြပ်ကြီးဟာ သေဆုံးသွားပြီလို့ ယူဆကြပါတယ်။