"ဝ" အကြမ်းဖက်သောင်းကျန်းသူအဖွဲ့လို့ ရေးသားဖော်ပြမှုကို ကန့်ကွက်


2018.11.25
uwsa-soldiers-622.jpg UWSA "ဝ" တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

မြဝတီသတင်းစာမှာ UWSA "ဝ" အကြမ်းဖက်သောင်းကျန်းသူအဖွဲ့လို့ ရေးသားဖော်ပြခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မြဝတီသတင်းဌာနတွေကို ကန့်ကွက်စာပေးပို့ထားပေမယ့် ဒီနေ့အထိ တုံ့ပြန်မှု မရှိသေးဘူးလို့ "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် က ကျေးရွာတွေမှာ UWSA "ဝ" သောင်းကျန်းသူအဖွဲ့က အတင်းအဓမ္မ လူသစ်စုဆောင်းတာကြောင့် ထွက်ပြေးလာ သူတွေကို နယ်မြေခံတပ်က စားသောက်ဖွယ်ရာတွေ ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ နီးပါး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးယူထားတာမှာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဘဲ အခုလို တပ်မတော်က သုံးနှုန်းလိုက်တဲ့အပေါ် အံ့အားသင့်တယ်လို့ ဦးညီရန်းက ပြောပါတယ်။

မြဝတီသတင်းစာမှာ ဖော်ပြခဲ့တဲ့ "ဝ" အဖွဲ့က လူသစ်စုဆောင်းတာနဲ့ ပတ်သက်လို့ RFA က မေးမြန်းရာမှာတော့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲတော်ကြီးအတွက် ကြိုဆိုဧည့်ခံရေး အကပဒေသာတွေ လေ့ကျင့်ဖို့ခေါ်ယူမှုမှာ ပါလာသူတွေရှိပေမယ့် ဒါဟာ အတင်းအဓမ္မ ခေါ်ဆောင်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာ့တပ်မတော်နဲ့ UWSA အဖွဲ့ကြား ဆက်ဆံရေးဟာ ပုံမှန်အတိုင်းရှိနေတယ်လို့ ကိုညီရန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။