ရှမ်းပြည်နယ်မှာ အပစ်ရပ်ပြီး တပ်တွေဆုတ်ခွာပေးဖို့၀ နဲ့ မိုင်းလားတောင်းဆို


2014.10.07
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ရှမ်းပြည်နယ်မှာ အောက်တိုဘာလ ၂ ရက်ကနေ ၅ ရက်နေ့ထိဖြစ်ခဲ့တဲ့ အစိုးရတပ်တွေရဲ့ SSPP/SSA တပ်တွေကို ထိုးစစ်ဆင်ခဲ့တဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အပစ်ရပ်ပြီး တပ်တွေဆုတ်ခွါပေးဖို့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားတပ်ဖွဲ့ခေါ် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) တို့ ပူးပေါင်း ပြီး အောက်တိုဘာလ ၅ ရက်နေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်သလို၊ အဲဒီကြေညာချက်ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဆီပေးပို့လိုက်ပါတယ်။

အဲဒီကြေညာချက်ဟာ စစ်ဆန့်ကျင်ရေးကြေညာချက်ဖြစ် တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဒုတိယ နိုင်ငံရေးတာဝန်ခံ ဦးညီကျော်က RFA ကိုပြောပါတယ်။

"စစ်တွေကိုဆန့်ကျင်တာ၊ ငြိမ်းချမ်းရေးရချင်တယ် ဒါပါပဲ"

အဲဒီကြေညာချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြိုကွဲစေမယ့် အပြောအဆိုအပြုအမူကို ဆန့်ကျင်ရှုံ့ချတဲ့ အကြောင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေရပ်ဖို့၊ အောက်တိုဘာလ ၂ ရက်နေ့က သိမ်းပိုက်လိုက်တဲ့ဒေသတွေကနေ ဆုတ်ခွါပေးဖို့၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ ရေးသားဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား အပစ်အခတ်ရပ်စဲထားဖို့ နှစ်ဘက်သဘောတူခဲ့ပေမယ့် အစိုးရတပ်ဖွဲ့တွေ မဆုတ်ခွာသေးဘူးလို့ SSPP/SSA တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီကတဆင့် တိုက်ပွဲတွေရပ်ဆိုင်းဖို့ တရားဝင်ပြောကြား ထားပေမယ့် တပ်တွေမဆုတ်ခွာသေးတဲ့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တယ်လို့ SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်းက ပြောပါတယ်။

"ဒီနေ့မနက် ကျေးသီးရဲ့အနောက်ဖက်မှာ လှုပ်ရှားနေတယ်၊ ဒါတွေက မဖြစ်သင့်တော့ဘူးလေဗျာ၊ ရပ်လိုက်ပြီဆို ရပ်လိုက်ပြီပေါ့၊ ဘာဖြစ်လို့ တောထဲထပ်ရှင်းလင်းရေး လုပ်နေတာလဲ၊ နိုင်ငံတော်သမ္မကြီးရဲ့ မိန့်မှာချက်အရ တိုက်ပွဲတွေငြိမ်ပါ၊ ဆုတ်ပါပြောနေတာ၊ ကျနော်တို့က ဆုတ်နေပြီ၊ ဒါကိုသူတို့က လိုက်ပြီးရှင်းလင်းရေးလုပ်နေ တယ်၊ ခြိမ်းခြောက်ဟိန်းဟောက်နေတယ်၊ ထပ်ဆုတ်ဖို့လုပ်ခိုင်းနေတယ်၊ ပြဿနာကြီးဟာ တော်တော်လေးရှုပ်ထွေး သွားနိုင်တယ်"

ဒီလ ၂ရက်နေ့ကစပြီး ကျေးသီး၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်လန်မြို့နယ်တွေမှာ ၃ ရက်ကြာ တိုက်ပွဲတွေ ဖြစ် ပွားခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲဖို့ နှစ်ဖက်သဘောတူခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ တပ်မ ခလရ ၃၃ အပါအဝင် အစိုးရစစ်တပ်တွေက မိုင်းရှုး - မိုင်းရယ်ကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။