UWSA အဖွဲ့ နေပြည်တော်သွားမည်
2014.02.24

၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁ ရက်နေ့ မှာ နေပြည်တော်ကို ပထမဦးဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားပြီး၊ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
နေပြည်တော် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကို အခုလို ပြော ပါတယ်။
"နေပြည်တော်က အခမ်းအနားတစ်ခုကိုသွားမလို့၊ ၁ ရက်နေ့ အခမ်းအနား၊ ဒီဘက်က ဦးကျောက်ကျုံးတန် ဦးစီးမှာ သူက ဒုတိယစစ် ဦးစီးချုပ်ပါ၊ ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်တဲ့ ရက်ပေါင်း ၃ဝ ကြိုပြီးတော့ လှုံ့ဆော်ဖွင့်ပွဲပေါ့၊ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွေဘာတွေ ပြောဦးမှာ ကိုး၊ တွေ့တော့ တွေ့နိုင်မယ်ထင်တယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး ရပြီးတဲ့နောက်မှာ တရားဝင်ဒါမျိုးသွားလာတာ မရှိခဲ့ဘူးလေ၊ ဒါပထမဆုံးအကြိမ်ပဲ"
နေပြည်တော်ခရီးစဉ်မှာ UWSA ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန်နဲ့အတူ အဖွဲ့ဝင် ၂၀ ဝန်းကျင် လိုက်ပါကြမယ်လို့လည်း သိရပါတယ်။
ဒီခရီးစဉ်မှာ ၀ ဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရေး UWSA က တင်ပြဆွေးနွေးမယ်၊ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဦးအောင်မြင့်က အခုလို ပြောပါတယ်။
"ဒါကတော့ ဒီလိုအခြေအနေမှာ သွားဆွေးနွေးလို့ ဘယ်ရမလဲ၊ ဒါကလွယ်လွယ် ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘဲ၊ အခမ်းအနားနဲ့ဆိုတော့ ဆွေးနွေးဖို့အချိန် မရှိဘူးထင်တယ်၊ ဒါဘက်ကလူကြီးတွေကလည်း နားလည်ပါတယ်၊ ဒါအကြပ်ဖြစ်သွားမှာပေါ့၊ ဗိုလ်ချုပ်မှူးကြီးကလည်း အားသလား၊ မအားဘူးလား တွေ့နိုင်မယ့် အခြေအနေ ရှိ၊ မရှိ မသိဘူး"
UWSA ၀ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် မေလ မှာ နဝတအစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာတော့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။