ဟံသာဝတီ ဦးဝင်းတင် ရရှိတဲ့ ဆုငွေ ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် သုံးမည်


2014.07.07
uwintin-305 သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပုံ
Photo: RFA

တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် Truth Foundation က ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့် အရေးဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန် မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ ကြေညာခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ ဟံသာဝတီဦးဝင်းတင်ဆု သွားရောက်ယူခဲ့တဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောခဲ့တာဖြစ်ပါတယ်။

"ရန်ပုံငွေထဲ ထည့်ဝင်ပြီးတော့ ဖောင်ဒေးရှင်း လုပ်ငန်းစဉ်များ အထူးသဖြင့် နှစ်လ တစ်ကြိမ်ထောက်ပံ့တဲ့ အကျဉ်းသားနဲ့ အကျဉ်းသားတွေ မိသားစုများ ထောက်ပံ့ရေးထဲမှာ ကျနော်တို့ ထည့်ပြီးတော့ သုံးသွားမှာ ဖြစ်ပါတယ်ခင်ဗျ၊ ကိုးရီးယားသွားရင်းနဲ့ ဆရာတော်ကနေပြီးတော့  စုစုပေါင်း ဝမ်သိန်း ၂၀၊ နောက်တစ်ခါ ကိုးရီးယားမှာရှိတဲ့ မြန်မာမိတ်ဆွေများ အဖွဲ့ကနေပြီးတော့လည်း ဗမာငွေနဲ့ တွက်လိုက်ရင် ၆ သိန်းကျော် အားလုံး ၁၂၁ သိန်းကျော် အားလုံးကို ကျနော်တို့ ဖောင်ဒေးရှင်းထဲ ထည့်ဝင်ထားပြီးဖြစ်ပါတယ်"

တောင်ကိုးရီးယား နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ထူထောင်ထားတဲ့ Truth Foundation အဖွဲ့က လူ့အခွင့်အရေး ဆု ပေးအပ်တာ ၄ ဦးရှိခဲ့ပြီဖြစ်ပြီး ဟံသာဝတီ ဦးဝင်းတင်ဟာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ဆုရ ရှိတာ ဖြစ်ပါတယ်။

ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်ရေးဆုချီးမြှင့်ဖို့အတွက် တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေဌာနခွဲက အဆိုပြု တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဆရာကြီးဟံသာဝတီ ဦးဝင်းတင်အထိမ်းအမှတ် ပြတိုက်ကိုလည်း မကြာခင်မှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။