လစာငွေထဲက ပါတီရန်ပုံငွေထည့် ဝင်ဖို့ ပါတီကိုယ်စားလှယ်တွေကို NLD ညွှန်ကြား

NLD လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
NLD လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် (Photo: RFA)

အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး ရရှိတဲ့ လစာငွေထဲက ပါတီရန်ပုံငွေအဖြစ် လစဉ်ထည့်ဝင် ဖို့ အန်အယ်လ်ဒီ ပါတီဌာနချုပ်က ညွှန်ကြား လိုက်ပါတယ်။

ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ ပါတီအသုံးစရိတ်အတွက် ရန်ပုံငွေကို သုံးစွဲသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က ပြောပါတယ်။

"ဒီလ လစာတော့ မပါတော့ဘူးပေါ့နော်၊ ၃ လပိုင်း လကုန်ဆိုရင်တော့ ကျနော်တို့ရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာထဲကနေ ပါတီရန်ပုံငွေအဖြစ် ကျနော်တို့ ထည့်ဝင်ရမှာပါ၊ အကြမ်းမျဉ်း ကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ကဏ္ဍာတွေ ပေါ့နော်၊ ပါတီတွင်းရန်ပုံငွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်မျိုးတွေမှာ ကျနော်တို့ ပြန်ပြီးအသုံးချမှာပါ"

အဲဒီအစီအစဉ်အရ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျပ် ၂သိန်းခွဲ ၊ တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ကျပ် တစ်သိန်းစီ ရန်ပုံငွေအဖြစ် လစဉ်ထည့်ဝင်ရမှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေထဲက တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ လစာချီးမြှင့်ငွေထဲက ဘယ်လောက် ထည့်ဝင်ရမယ်ဆိုတာကို သီးခြားညွှန်ကြားချက်ထုတ်မှာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး က ပြောပါတယ်။

"အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တစ်သိန်းထည့်ဝင်ရမှာပါ၊ ကျနော်တို့ ဥက္ကဌ၊ ဒုတိယဥက္ကဌတွေကျတော့ သီးခြားညွှန်ကြားချက်ပါမှာပါ၊ ကျနော်တို့ရဲ့ဥက္ကဌက လွှတ်တော်ဥက္ကဌတွေ၊ ဒုတိယဥက္ကဌတွေကို ချီးမြှင့်ထားတဲ့စရိတ်တွေကို သူ့အနေနဲ့ သေသေချာချာမသိသေးတဲ့အတွက် ရရှိတဲ့ငွေများရင် ဘယ်လောက်ဖြတ်မယ်ဆိုတာကို နောက်အစီစဉ်အနေနဲ့ ထပ်ပြီးသီးခြားညွှန်ကြား ပါမယ်တဲ့ ဒီလတော့မပါသေးဘူးပေါ့ဗျာ"

အဲ့ဒီတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဥက္ကဌ တစ်ဦးဟာ လစဉ်ချီးမြှင့်ငွေ ကျပ် သိန်း ၃၀ နဲ့ ကား ၃စီးစီ ခံစားခွင့်ရှိပြီး ဒုဥက္ကဌတစ်ဦးဟာ လစဉ် ကျပ် သိန်း ၂၀ နဲ့ ကား ၂စီးစီ ခံစားခွင့် ပေးထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ တစ်လအတွက် ချီးမြှင့်ငွေ ကျပ် ၅ သိန်းစီ ရရှိတာဖြစ်ပြီး လွှတ်တော်တက်ရောက်ရတဲ့ကာလ အတွင်း တစ်ရက်အသုံးစရိတ် ကျပ် ၂ သောင်းစီ ရရှိပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက လစဉ် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီ ရရှိတာဖြစ်ပြီး တစ်ရက်အသုံးစရိတ် ကျပ် ၂ သောင်းစီ ရရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၄၉၆ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။